နေပြည်တော် နိုဝင်ဘာ ၁၃
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် သံတွဲခရိုင်၊ ငပလီကမ်းခြေဒေသ၊ ဂေါ့ရပ်ကွက်ရှိ Jasmine Ngapali Resort သို့ရောက်ရှိပြီး ပွင့်လင်းရာသီကာလအတွင်း ခရီးသွားဧည့်သည် များ စိတ်ချမ်းမြေ့စွာ လာရောက်တည်းခိုနိုင်ရေးအတွက် ဟိုတယ်ပြင်ဆင်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သံတွဲခရိုင်၊ လင်းသာချောင်းရွာရှိ ငပလီရေလှောင်တမံသို့ ရောက်ရှိရာ ငပလီမြို့ စည်ပင်သာယာရေးအဖွဲ့ အငယ်တန်းအင်ဂျင်နီယာက ရေလှောင်တမံအတွင်း ရေသိုလှောင်နိုင်မှုအခြေအနေ၊ ရပ်ကွက်များနှင့် ဟိုတယ်/တည်းခိုရိပ်သာများသို့ ရေပေးဝေနိုင်မှု အခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်း၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးသည်။
အဆိုပါ ရေလှောင်တမံအား ၁၉၇၀ ပြည့်နှစ်တွင် တည်ဆောက်ထားရှိပြီး ရေပေးဝေမှုအနေဖြင့် ရပ်ကွက်(၂)ခု၊ အိမ်ခြေပေါင်း (၁၁၁၀) နှင့် ဟိုတယ်/ တည်းခိုရိပ်သာ (၄၆) လုံးကို ရေပေးဝေလျက်ရှိကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည့် ငပလီကမ်းခြေဒေသ၊ မြပြင်ကျေးရွာရှိ Aureum Palace Hotel & Resort လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ငပလီကမ်းခြေ Amata Hotel လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို လှည့်လည် ကြည့်ရှုပြီး ဟိုတယ်အစည်းအဝေး ခန်းမ၌ ငပလီကမ်း ခြေဒေသရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်မန်နေဂျာများနှင့် ငပလီ ကမ်းခြေဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းနေရာမှ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောဂါထိန်းချုပ်နိုင်မှုအပေါ် မူတည်၍ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ပြည်တွင်း ခရီးသွား လုပ်ငန်းမှတစ်ဆင့် ဒေသတွင်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်လည်စတင် နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု အနေဖြင့် လက်ရှိအချိန်တွင် လေးရာခိုင်နှုန်းခန့်သာရှိတော့သဖြင့် ခရီးသွား ဧည့်သည်များသည် ကမ်းခြေဒေသများနှင့် အခြားခရီးစဉ်ဒေသ အများအပြားသို့ သွားရောက်လည်ပတ်နေကြပြီ ဖြစ်ကြောင်း။
ထို့ကြောင့် မကြာမီကာလအတွင်း ငပလီကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငပလီကမ်းခြေ ဆောင်းဦးပွဲတော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ငပလီကမ်းခြေ ဒေသသို့ ခရီးသွားဧည့်သည်များ လာရောက်တည်းခိုရာတွင် စိတ်ချမ်းမြေ့စွာ တည်းခိုနိုင်ရေး ဂရုတစိုက်ပြင်ဆင် ဆောင်ရွက်ထားရှိရန်နှင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုရှိသော ဝန်ဆောင်မှုကောင်းများပေးရန် လိုအပ် ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဧည့်သည်များလက်ခံရာတွင် ကိုဗစ်-၁၉ လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက် နေမှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် သရုပ်ပြရုပ်သံဗွီဒီယိုအား ဟိုတယ်များ၏ ဧည့်ခန်းမ၊ အစည်းအဝေးခန်းမ၊ စားသောက်ခန်းမနှင့် အိပ်ခန်းအတွင်းရှိ တီဗီများတွင် ပြသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးစေလိုပါကြောင်း။
ခရီးသွားလုပ်ငန်း၏ ဆင့်ပွားအကျိုးသက်ရောက်မှုရှိသောကြောင့် ဒေသတွင်းခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ငပလီကမ်းခြေ ဒေသ သို့ ခရီးသွားဧည့်သည်များ ပိုမိုများပြားစွာ လာရောက်လည်ပတ်နိုင်ရေး၊ ကမ်းခြေသန့်ရှင်း သာယာလှပစေရေးနှင့် ရေရှည်တည့်တံ့ဖွံ့ ဖြိုးတိုးတက်စေရေးတို့အတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူ လူထုအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုကို ရရှိခံစားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်တာဝန်ခံ၊ ညွှန်ကြားရေးမှူးမှ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီစစ်ဆေး၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်သည့် ဟိုတယ်များအား Enchanting Myanmar Health & Safety Protocol အစီအစဉ်အရ ဒေသအဆင့် အသိအမှတ်ပြုလက်မှတ်အား ပေးအပ်ရာ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင် များအသင်း (ရခိုင်ဇုန်) ဥက္ကဋ္ဌက လက်ခံရယူခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)