ရန်ကုန် နိုဝင်ဘာ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့်နိုင်ငံအတွင်း နို့နှင့်နို့ထွက်ပစ္စည်းများ ပိုမိုစားသုံးနိုင်စေရန်နှင့် သန့်ရှင်း၍ အရည်အသွေး ကောင်းမွန်သော နွားနို့များရရှိရေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်းစိန်နွားနို့ဈေးကွက်နှင့် တာမွေ နွားနို့ဈေးကွက်တို့ရှိပြီး ပုဂ္ဂလိက နို့စားနွားမွေးမြူသော ခြံပေါင်း ၂၇ ခုရှိကာ နို့စား နွားအကောင်ရေ ၁၃၀၀ခန့်မွေးမြူထား၍ နေ့စဉ် နွားနို့ဈေးကွက်နှစ်ခုမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူတို့ထံ ဖြန့်ဖြူးပေးလျက်ရှိသည်။ ယနေ့တွင် အင်းစိန်နွားနို့ဈေးကွက်၌ နွားနို့တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀ မှ ၁၅၀၀ အထိ ဈေးသွက်လျက်ရှိသည်။
“ဒေသနဲ့ကိုက်ညီတဲ့ နို့စားနွားတွေမွေးမြူ နိုင်ဖို့သုတေသနပြုလုပ်ပြီးဆောင်ရွက်နေပါတယ်။ နို့စားနွားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဇီဝလုံခြုံမှုထိန်းချုပ်ရေးနဲ့ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းကိုဆောင်ရွက်ပါတယ်။ ပြီးတော့ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နို့နဲ့နို့ထွက်ပစ္စည်း တွေကိုအများပြည်သူစားသုံးနိုင်အောင် ပုဂ္ဂလိက ထုတ်လုပ်သူတွေကိုလည်း လိုအပ်တဲ့နည်းပညာနဲ့ သင်တန်းပို့ချမှုကို ပံ့ပိုးပေးနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာတိုးမင်းထွန်းက ပြောသည်။
“လတ်ဆတ်တဲ့နွားနို့ရအောင်နဲ့ လတ်ဆတ် မှုရှိ၊ မရှိစစ်ဆေးပြီးတော့ နွားနို့မှာပါဝင်တဲ့အသား ဓာတ်၊ အဆီဓာတ်ပါရှိမှု စတာတွေကိုစစ်ဆေးပြီးမှ ဈေးကွက်အတွင်းကို ဖြန့်ဖြူးရပါတယ်။ ဒီလို စစ်ဆေးမှုပြုလုပ်နိုင်အောင် ဓာတ်ခွဲခန်းဝန်ထမ်းတွေကို မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ရန်ကုန် အပြင် မန္တလေးက စဉ့်ကိုင်မြို့မှာရှိတဲ့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကလည်း သင်တန်းပို့ချပေးပါ တယ်” ဟု ငွေစင်ပုလဲနွားနို့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ပံ့ပိုးပေးလျက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မေထုန်မဲ့သားစပ်နည်းဖြစ်သော မျိုးချောင်းများကို ထုတ်လုပ်၍ မွေးမြူရေးတောင်သူတို့ထံ အခမဲ့ ဖြန့်ဝေပေးလျက်ရှိပြီး ရောဂါခံနိုင်ရည်ရှိသော ဖရီရှန် နို့စားနွားများမျိုးပွားနိုင်ရန်နှင့် နို့စားနွားများ ပိုမိုမွေးမြူနိုင်ရန် အသိပညာပေးခြင်းနှင့် အရည်အသွေးကောင်းမွန်သော နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
သတင်း- ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ-ကနူး