နေပြည်တော် နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကျင်းကျေးရွာနေ အခြေခံပညာ မူလတန်းကျောင်း (ညောင်းကားယား)မှ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်စိန်ကြည်သည် ခင်ပွန်းဖြစ်သူ ဉီးဇော်မိုးနှင့်အတူ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် နေအိမ်ဈေးဆိုင်၌ရှိနေစဉ် အကြမ်းဖက်သမား အမျိုးသား ၂ ဉီးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ဒေါ်စိန်ကြည်သည် ချိုင်းအောက်နှင့် ရင်ဘတ်သို့ ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဉီးဇော်မိုးမှာ လက်မောင်းနှင့် ရင်အုံတို့၍ ကျည်ဖောက်ဝင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဝမ်းတွင်းမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။
အလားတူ မကွေးမြို့၊ မင်းကန်ကြီးရပ်ကွက်၊ စိုးကောမင်း(၅)လမ်းရှိ တိုင်းဒေသကြီး ပညာရေးမှူးရုံကိုလည်း ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သောကြောင့် ခြံစည်းရိုးအုတ်တံတိုင်း ကျိုးပဲ့ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ရေဦးကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့၌လည်း ယင်းနေ့မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက်သူများထောင်ထားသည့် လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ ကြောင်းသိရှိရပြီး ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ်မရှိစေရေးအတွက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာတဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်စဉ် လက်လုပ်မိုင်း ၂ လုံး ထပ်မံပေါက်ကွဲခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်