နေပြည်တော် နိုဝင်ဘာ ၁၂
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုနှုန်းနှင့် ပိုးတွေ့ရာခိုင်နှုန်းများကို သုံးသပ်ဆန်းစစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် ၄၆ မြို့နယ်မှအပ ကျန်မြို့နယ်အားလုံးမှ အခြေခံပညာ ဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ) အပါအဝင်ကို ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုဝင်ဘာ ၁ ရက်မှစ၍ တစ်ပြိုင်တည်းပြန်လည်ဖွင့်လှစ် သင်ကြားပေးခဲ့သည်။
ထိုသို့ကျောင်းများဖွင့်လှစ်ချိန်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(ကျုံခဝန်)နှင့် အမှတ်(၃)အခြေခံပညာမူလ တန်းကျောင်းတို့မှာ နယ်မြေအခြေအနေအရ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ကျောင်းသားမိဘများက သက်ဆိုင်ရာသို့ တရားဉပဒေနှင့်အညီ တင်ပြခွင့်ပြုချက်ရယူပြီး ပညာသင်ကြားမှုကို နှောင့်ယှက်တားဆီးပိတ်ပင်နေသည့် အဖွဲ့အစည်းများအား နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါကျေးရွာမှ ကျောင်းသားမိဘများက “ကလေးများ စာသင်ကျောင်း ဖွင့်ပေးပါ၊ ကလေးများ လွတ်လပ်စွာစာသင်ခွင့်ပေးပါ၊ ကလေးများ စိတ်အေးချမ်းသာစွာ စာသင်ခွင့်ပေးပါ၊ စာသင်ကျောင်းပိတ်သူများအား ရှုတ်ချသည်၊ ကလေးသူငယ်အခွင့်အရေးပိတ်ပင်သူများအား ရှုတ်ချသည်” ဟူသည့် စာသားများပါရှိသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ အော်ဟစ်ကြွေးကြော်ကာ ကျေးရွာအတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အခြေခံပညာအထက်တန်းကျောင်းခွဲ(ကျုံခဝန်)တွင် ကျောင်းသား၊ ကျောင်းသူ ၅၄၆ ဦးနှင့် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၆၆ ဦးရှိပြီး အဆိုပါကျောင်းများသည် ဇူလိုင် ၇ ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်