Skip to main content

(၂၂)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးကို Virtual Coferencing ဖြင့် ကျင်းပ

နေပြည်တော်  နိုဝင်ဘာ  ၁၂

(၂၂)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး (22nd ASEAN   Chiefs   of  Army   Multilateral  Meeting ) ကို ယနေ့နံနက်ပိုင်းတွင် Virtual  Coferencing ဖြင့် ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ မြန်မာနိုင်ငံအခြေစိုက် အာဆီယံနိုင်ငံများမှ စစ်သံမှူးများ၊ သံရုံးတာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ ထိခိုက်ခံစားရသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူသန်းနှင့်ချီပြီး သေဆုံးခဲ့ရသည့်အပြင် လူသန်း ပေါင်းများစွာ၏ လူမှုစီးပွားဘဝများ ထိခိုက်ခံစားခဲ့ရကြောင်း၊ လုံခြုံရေးရှုထောင့်မှ ကြည့်မည်ဆိုပါက ကိုဗစ်-၁၉ ကပ်ရောဂါသည် စီးပွားရေးဆိုင်ရာ လုံခြုံရေး၊ စားနပ်ရိက္ခာလုံခြုံရေး၊ အသိုက်အဝန်းလုံခြုံရေးနှင့် နိုင်ငံရေးဆိုင်ရာ လုံခြုံရေးစသည့် လူသားလုံခြုံရေး (Human Security) နှင့်ဆိုင်သည့် ကဏ္ဍ ၇ ရပ် လုံးအပေါ် သက်ရောက်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိနိုင်ငံ၏ ဘဏ္ဍာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ၊ အခြေခံအဆောက်အဦများအပေါ် မူတည်ပြီး ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး၊ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေး၊ ကိုဗစ်-၁၉ အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ကြရမည်ကို နားလည်ပါကြောင်း၊ ထို့ကြောင့် ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံအလိုက် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အာဆီယံကြည်းတပ်များ၏ အတွေ့အကြုံများ၊ ကိုဗစ်-၁၉ အလွန်ကာလ ပြန်လည်ထူထောင်ရေးများတွင် စဉ်းစားဆောင်ရွက် သင့်သည့် နည်းလမ်းများကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးကြမည်ဟု မျှော်လင့်ပါကြောင်း ဦးစွာပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဉီးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “ ကိုဗစ်-19 ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးတွင် အာဆီယံကြည်းတပ်များ၏ အခန်းကဏ္ဍ (The  Role  of  ASEAN   Armies  In the  Process  of   Rehabilitation  After  the  COVID-19 Pandemic) ခေါင်းစဉ်နှင့် ပတ်သက်၍ ဉီးဆောင်ဆွေးနွေးရာတွင် အာဆီယံဒေသအပါအဝင် ကမ္ဘာတစ်ဝန်း လုံးတွင် ကိုဗစ်-၁၉ ရောဂါဆိုး ရိုက်ခတ်မှုဒဏ်ကိုခံစားနေကြရသည်မှာ အချိန် ကာလအားဖြင့် ၂ နှစ်နီးပါးရောက်ရှိလာကြပြီ ဖြစ်ကြောင်း၊ ရောဂါကာကွယ်ဆေးများ ထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးတွင် ထိုးနှံမှုများ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သော်လည်း ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ခက်ခဲနေဆဲဖြစ်သည့်အပြင် မျိုးရိုးဗီဇကွဲဗိုင်းရပ်သစ်များ ထပ်မံပေါ်ထွက်လာနေသည့် အန္တရာယ်ကို ရင်ဆိုင်နေကြရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် လူသန်းပေါင်းများစွာထိခိုက်ခံစားခဲ့ကြရပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမှာလည်း သိသိသာသာကျဆင်းသွားခဲ့ကြောင်း၊ စီးပွားရေးနှင့်ဆက်စပ်ပြီး လူမှုစီးပွားဘဝ ပြန်လည်နလန်ထူရေးလုပ်ငန်းသည် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ကာလတွင် နိုင်ငံများအားလုံး ဉီးစားပေးလုပ်ဆောင်ရမည့် အရေးကြီးဆုံး လုပ်ငန်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ ယခုလိုဆောင်ရွက်ကြရာတွင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခင်ထက်ပိုပြီး တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးနှင့် ကပ်ရောဂါအလွန်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဘုံအကျိုးစီးပွားအဖြစ် သိမှတ်ခံယူပြီး ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်မှုများ လုပ်ဆောင်သွား ပါက နိုင်ငံအားလုံးအတွက် ပိုမိုထိရောက်ပြီး အကျိုးများစေမည် ဖြစ်ကြောင်း။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ ယနေ့အချိန်အထိ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ရောဂါ ဆိုးကူးစက်ခံခဲ့ရသည့် အတည်ပြုလူနာအရေအတွက် ၂၅၂၁၅၃၃၈၃ ဦး၊ သေဆုံးခဲ့ရသည့်အရေ အတွက်မှာ ၅၀၈၈၅၁၃ ဦး ဖြစ်ကြောင်း၊ အရှေ့တောင်အာရှဒေသအနေဖြင့် ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ ၁၃၄၉၁၅၇၃ ဦးရှိပြီး သေဆုံးသူဦးရေမှာ ၂၈၂၈၂၉ ဦးရှိသည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအားလုံး၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များသည် စိန်ခေါ်မှုများနှင့်ရင်ဆိုင်ခဲ့ရပြီး ကျန်းမာ ရေးဝန်ထမ်းများအနေဖြင့်လည်း ပုံမှန်မဟုတ်သည့် ဖိအားများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ကြရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးတွင် ကျရာနေရာက ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတသမားများနှင့် တပ်မတော်သားများ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုရမည် ဖြစ်ကြောင်း။

အာဆီယံနိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်တွန်းလှန်ရာတွင် အစိုးရများအနေဖြင့် စစ်ဘက်အရင်းအမြစ်များနှင့် ၎င်းတို့၏ စွမ်းဆောင်နိုင်ရည်များကို လက်တွေ့အသုံးပြုကြရမည် ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များအနေဖြင့် အရပ်ဘက်ကျန်းမာရေးဝန်ထမ်းများကို အထောက်အကူပြု ကူညီဆောင်ရွက်ခြင်း၊ ဝန်ထုပ်ဝန်ပိုးကြီးမားစွာ ထမ်းထားရသည့် ဆေးရုံများတွင် ဝင်ရောက်ကူညီခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် လိုအပ်ပါက စစ်ဘက် အနေဖြင့် အရေးပေါ်ကုသရေးဆေးရုံများဖွင့်လှစ်ခြင်း၊ သို့မဟုတ် စစ်ဘက်ဆရာဝန်များနှင့် သူနာပြုများကို လိုအပ်ချက်များရှိနေသည့် ကျန်းမာရေးစင်တာများသို့ စေလွှတ်အားဖြည့်စေခြင်းနှင့် အနီးကပ်စောင့်ကြပ်ကြည့်ရှုရေးစင်တာများ (Quarantine Centers) ဖွင့်လှစ်ခြင်း အစရှိသဖြင့် အစိုးရ၏ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။

ကမ္ဘာ့နိုင်ငံများအနေဖြင့် စစ်ဘက်နှင့်ပတ်သက်သော နောက်ခံသမိုင်းကြောင်းနှင့် နိုင်ငံရေးအခြေအနေအရ စစ်ဘက်အား အသုံးပြုရာတွင် စစ်ဘက်မှ နည်းပညာဆိုင်ရာ အကူအညီသာရယူခြင်း၊ စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်ခြင်း၊ စစ်ဘက်ကဉီးဆောင်၍ ဆောင်ရွက်ခြင်းစသည့် ပုံစံသုံးမျိုးဖြင့် အသုံးပြုသည်ကို တွေ့ရှိရကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်သည့် ပုံစံဖြင့် အများဆုံးဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း၊ စစ်ဘက် ဆိုင်ရာအရင်းအမြစ်များအနေဖြင့် ကာကွယ်ဆေးစမ်းသပ်ထုတ်လုပ်နိုင်ရန် အားဖြည့်ကူညီ ဆောင်ရွက်ခြင်းအပြင် လိုအပ်သည့်နေရာများတွင် ပိုးသတ်ဆေးများဖြန်းခြင်း အစရှိသည့် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများတွင် အရပ်ဘက်ကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် ကူးစက်မှုနှုန်း ကျဆင်းရေးအတွက် အစိုးရမှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို အများပြည်သူ လိုက်နာဆောင်ရွက်ရေးအတွက် ကန့်သတ်ပိတ်ဆို့ထားသည့် နေရာများ (Lockdown Areas) တွင် ကင်းလှည့်ခြင်း၊ လမ်းများပိတ်ဆို့ခြင်းနှင့် အများပြည်သူ သွားလာမှုများကို စစ်ဆေးကြပ်မတ်ခြင်း လုပ်ငန်းများတွင်လည်း စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကန့်သတ်ပိတ်ဆို့ထားသည့်နေရာများ (Lockdown Areas) သတ်မှတ်ထားရှိမှုကြောင့် နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်လာသည့် အခက်အခဲဖြစ်သည့် အစာရေစာပြတ်လပ်သွားခြင်းမျိုး မဖြစ်စေရန်အတွက် စားနပ်ရိက္ခာနှင့် သောက်သုံးရေ ဖြန့်ဖြူးပေးခြင်းများကိုလည်း ဆောင်ရွက်ပေးရကြောင်း၊ ထို့ပြင် ကာကွယ်ဆေး များနှင့် ဆေးပစ္စည်းများကို သက်ဆိုင်ရာနေရာဒေသအသီးသီးသို့ ပို့ဆောင်ရာတွင်လည်း စစ်ဘက်သယ်ယူပို့ဆောင်ရေးစနစ်မှတစ်ဆင့် ထိရောက်လျင်မြန်စွာ ဆောင်ရွက်ခြင်းနှင့် အခြားလိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များတွင်လည်း အထောက်အကူပြု အားဖြည့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စစ်ဘက်အနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်နိုင်စွမ်းရှိသည်ကို ကြည့်ခြင်းအားဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် စစ်ဘက်၏ အခန်းကဏ္ဍ မည်မျှအရေးကြီးကြောင်းကို သိရှိနိုင်ကြောင်း။

စစ်ဘက်အနေဖြင့် ဖိအားများသည့်အခြေအနေများတွင် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် ကျွမ်းကျင်မှုများနှင့် ပြည့်စုံသည့်အပြင် များပြားလုံလောက်သည့် အရင်းအမြစ်များလည်း ရှိနေကြောင်း၊ စစ်ဘက်၏လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်သည့်ပုံစံဖြင့် အထက်မှ အောက်သို့စီစဉ်ညွှန်ကြားသည့် စနစ်များကြောင့် ဆုံးဖြတ်ချက်များကို လျင်မြန်စွာ ချမှတ်နိုင်ခြင်းနှင့် နှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရန် ရှောင်ရှားနိုင်ခြင်းဆိုသည့် အားသာချက်များကိုလည်း ပိုင်ဆိုင်ထားကြောင်း၊ စစ်ဘက် အရင်းအမြစ်များကို အသုံးပြုပြီး ကပ်ရောဂါကဲ့သို့ သမားရိုးကျမဟုတ်သည့် စိန်ခေါ်မှုများကို ကာလ တိုအတွင်း အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် မဖြစ်မနေလိုအပ်ချက် တစ်ခုမှာ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးဖြစ်ကြောင်း၊ အထူးသဖြင့် စစ်ဘက်- အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော်သည့်နေရာတွင် အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုထားရှိရန် အရေးကြီးပြီး ထိုသို့ဆောင်ရွက်နိုင်မှသာလျှင် ရင်ဆိုင်ကြုံတွေ့နေရသည့် အကြပ်အတည်းများ၊ အခက်အခဲများကို ထိထိရောက်ရောက် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ၏ သဘောသဘာဝမှာ နိုင်ငံတစ်ဝန်းလုံးကို လွှမ်းခြုံနိုင်သည့် အမိန့်ပေးစနစ် ကောင်းမွန်စွာတည်ဆောက်ထားနိုင်ပြီး လိုအပ်သည့်လူအရင်းအမြစ်ပိုင်ဆိုင်ထား ကြောင်း၊ အချို့နိုင်ငံများတွင် အမြဲတမ်းစစ်ဘက်ဆိုင်ရာဝန်ထမ်းများသာမက အရန် တပ်ဖွဲ့ဝင်များကိုပါ ဖွဲ့စည်းထားရှိပြီး ၎င်းတို့အနေဖြင့် နိုင်ငံတော်တွင် အရေးပေါ် အခြေအနေပေါ်ပေါက်လာပါက ရှေ့တန်းကျကျ အားဖြည့်ကူညီဆောင်ရွက်နိုင်သည့် စွမ်းဆောင်ရည်များရှိသည်ကိုတွေ့ရှိရကြောင်း၊ နိုင်ငံအတော်များများ၏ တပ်မတော်များအနေဖြင့် အတိတ်ကဖြစ်ပွားခဲ့ဖူးသည့် ကပ်ရောဂါများတွင် ကြုံတွေ့ခဲ့ရသည့် အကြပ်အတည်းများ၊ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းခဲ့ဖူးသည့် အတွေ့အကြုံကောင်းများ ရှိနှင့်ပြီးဖြစ်ကြောင်း။

ဆက်လက်၍ မြန်မာ့တပ်မတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီပါဝင်ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြောကြားရာတွင် မိမိတို့မြန်မာ့တပ်မတော်အနေဖြင့် တပ်မတော်ဆေးရုံများ၊ ဆေးတပ်ရင်းများတွင် တပ်မတော် သားများ၊ မိသားစုဝင်များနှင့် အရပ်သားပြည်သူလူထုကို ကိုဗစ်-၁၉ ရောဂါ စမ်းသပ်စစ်ဆေးမှုများကို ကူညီပြုလုပ်ပေးနိုင်ခဲ့သည့် အရေအတွက်မှာ ယနေ့အချိန်အထိ ၅၆၄၇၇၇ ဦးရှိခဲ့ပြီဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အားဖြည့်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စစ်ဘက် ဆိုင်ရာဆေးဝန်ထမ်းများဖြစ်သည့် ရောဂါရှာဖွေရေးနှင့် ကုသရေးပါရဂူများကို ဆေးမှူးများ၊ သူနာပြုများ၊ ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့များဖြင့် ဖွဲ့စည်းပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစ၍ နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်းစဉ်များတွင်လည်း မြန်မာနိုင်ငံတစ်ဝန်းမှ သက်ဆိုင်ရာဒေသအသီးသီးသို့ ကာကွယ်ဆေးများ သယ်ယူပို့ဆောင်ခြင်း ကဲ့သို့သောလုပ်ငန်းများ အပါအဝင်အခြားလုပ်ငန်းများတွင်လည်း လိုအပ်သလို ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် မြန်ဗီဇပြောင်းဒယ်လ်တာသည် တတိယလှိုင်းအပြင် ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်မှ စတင်ခဲ့ရာ ဇူလိုင်လနှင့် ဩဂုတ် လတို့တွင် ကူးစက်မှု နှုန်းသည် ၃၀ ရာခိုင်နှုန်း ကျော်ရှိခဲ့သော်လည်း စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု ကြောင့် ယခု အောက်တိုဘာလအတွင်းတွင် ကူးစက်မှုနှုန်းသည် ၄ ရာခိုင်နှုန်း ဝန်းကျင်မျှအထိ လျော့နည်းလာခဲ့ကြောင်း၊ ၎င်းသည် စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်တစ်ခုဖြစ်ကြောင်း၊ ထို့ပြင် စတုတ္ထလှိုင်းဖြစ် ပွားလာနိုင်မှုကို ကြိုတင်မျှော်တွေးပြီး ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်း တိုင်းစစ်ဌာနချုပ်များရှိ တပ်မတော်ဆေးရုံများ၌ အတည်ပြုလူနာကုသရေးစင်တာ ၉၈ ခုပြင်ဆင်ဖွင့်လှစ်ထားရှိပြီး အရေးပေါ် လူနာခုတင် ၉၅၀၀ ခန့်ကို ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း၊ အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် Oxygen Plant နှင့် Liquid Oxygen Plant များ တည်ဆောက်ထားရှိပြီး Oxygen Plant တည်ဆောက်ရန် အခက်အခဲရှိသော နေရာများတွင် Oxygen Concentrator များ ဖြန့်ခွဲထုတ်ပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားလျက် ရှိကြောင်း။

စစ်ဘက်ဆိုင်ရာအရင်းအမြစ်များကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ကျယ်ပြန့်စွာအသုံးပြုနိုင်သော်လည်း တစ်ဖက်တွင် အဆိုပါကပ်ရောဂါကူးစက်ပြန့်နှံ့မှုကြောင့် စစ်ဘက်အဓိကလုပ်ငန်း တာဝန်များကို အချိန်နှင့်တစ်ပြေးညီ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အသင့်ဖြစ်မှုကိုလည်း တိုက်ရိုက်နှင့်သွယ်ဝိုက်ထိခိုက်နိုင်သည့် အလားအလာများစွာရှိကြောင်း၊ စစ်ဘက်အနေဖြင့် ပြင်ပမှ ခြိမ်းခြောက်မှုအန္တရာယ်များကို ကာကွယ်တားဆီးရန် မူလတာဝန်ရှိနေသော်လည်း လက်ရှိကပ်ရောဂါဖြစ်ပွားမှုအခြေအနေအရ အစိုးရမှ ဆောင်ရွက်နေသည့် ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီဆောင်ရွက်နေရသည့်အတွက် စစ်ဘက်တွင်လည်း အတိုင်းအတာတစ်ခုအထိ ဖိအားများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း၊ ထို့ကြောင့် စစ်ဘက်အနေဖြင့် ၎င်းတို့၏ အရင်းအမြစ်များကို ပြဿနာအမျိုးမျိုးတွင် ပုံစံအမျိုးမျိုးနှင့် ဆောင်ရွက်နိုင်မည့် မဟာဗျူဟာကျသည့် မူဝါဒများကို ပြန်လည်ဆန်းစစ်ရန် လိုအပ်လာကြောင်း၊ သဘောသဘာဝအားဖြင့် စစ်ဘက်ဆိုင်ရာအရင်းအမြစ်များကို ကပ်ရောဂါတုံ့ပြန်ရေးအတွက် စုဖွဲ့ပျိုးထောင်ထားခြင်းမဟုတ်သော်လည်း နိုင်ငံသားတစ်ဦးချင်းစီ၏ ဘေးကင်းလုံခြုံမှု အဆင့်အတန်းမြင့်မားစေရန်နှင့် သမားရိုးကျ မဟုတ်သော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် စစ်ဘက်အရင်း အမြစ်များ၏ စွမ်းဆောင်နိုင်ရည်နှင့် အရည်အသွေးများ ပိုမိုတိုးတက်လာစေရန် နောင်အနာဂတ်ကာလတွင် လေ့ကျင့်ပျိုးထောင် ပြင်ဆင်သင့်သည်ဟု အကြံပြုလိုပါကြောင်း။

သမားရိုးကျမဟုတ်သည့် စိန်ခေါ်မှုများကို ပိုမိုထိရောက်အကျိုးရှိစွာ ရင်ဆိုင်ဖြေရှင်းရာတွင် လွန်စွာအရေးပါသည့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး၏ အခန်းကဏ္ဍကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်သင့်ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံနှင့်ပြည်သူများ ထိခိုက်ခံစားခဲ့ရသည့် လူမှုစီးပွားဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာအစိုးရများက နည်းလမ်းပေါင်းစုံဖြင့် ပြန်လည်ကုစားရာတွင် မိမိတို့စစ်ဘက်အနေဖြင့် ရှိရင်းစွဲအရင်းအမြစ်များကို မျှဝေသုံးစွဲ၍ ကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကပ်ရောဂါကြောင့် အားနည်းမှု ဖြစ်ပေါ်ခဲ့သည့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပြန်လည်အားကောင်းလာစေရန် လည်းကောင်း၊ စားနပ်ရိက္ခာဖူလုံစေရေးအတွက် အစိုးရအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တစ်နိုင်တစ်ပိုင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်၍လည်းကောင်း၊ ကုန်စည်စီးဆင်းမှု လျင်မြန်သွက်လက်စေရန်အတွက် လိုအပ်ပါက စစ်ဘက်သယ်ယူပို့ဆောင်ရေးစနစ်ကို ထိရောက်စွာအသုံးပြု၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လည်းကောင်း စသည်ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

ကမ္ဘာ့နိုင်ငံများအနေဖြင့် ကပ်ရောဂါအလွန်ကာလတွင် ကပ်ရောဂါကြောင့် ထိခိုက်ခံစားခဲ့ရသည့် နိုင်ငံတော်၏ လူမှုစီးပွားကဏ္ဍ ပြန်လည်နလန်ထူရေးအတွက် ရေတို၊ ရေရှည်စီမံချက်များရေးဆွဲပြီး သက်ဆိုင်ရာအစိုးရများ၏ ဦးဆောင်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် စစ်ဘက်အခန်းကဏ္ဍသည် အတိုင်းအတာတစ်ခုအထိ အရေးပါနေဉီးမည်ဖြစ်ကြောင်း၊ ထို့ပြင် သက်ဆိုင်ရာနိုင်ငံများ၏ တပ်မတော်များအနေဖြင့် နိုင်ငံ၏ လူမှုစီးပွားကဏ္ဍ ပြန်လည်ထူထောင်ရေး ကြိုးပမ်းဆောင်ရွက်နေရသည့်ကာလတွင် နိုင်ငံတော်၏စီးပွားရေးအခြေခံ အဆောက်အဉီများကို သက်ရောက်မှုမရှိစေမည့် စစ်အသုံးစရိတ်ကိုသာ လျာထားအသုံးပြုနိုင်ရေး ချင့်ချိန်ဆောင်ရွက်သင့်ကြောင်း၊ ယခုကဲ့သို့ အစိုးရ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက် ပေးသည့်နည်းတူ တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ လူမှုစီးပွားလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ဉီးစားပေးဆောင်ရွက်ပြီး အခြားပြည်သူများ ကိုလည်း ဆက်လက်ကူညီဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားသင့်ကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါကို ကမ္ဘာ့နိုင်ငံများအားလုံး လူသားများ၏အသက်ခန္ဓာ ကိုယ်နှင့်ရင်း၍ ကျော်လွှားနိုင်ရန် အရေးကြီးဆောင်ရွက်နေချိန်တွင် အင်အားကြီး နိုင်ငံအချို့၏ မဟာဗျူဟာအားပြိုင်မှုများသည် အာဆီယံအပါအဝင် ဒေသအသီးသီးအပေါ် ရိုက်ခတ်မှုများ ရှိလာခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း၊ အာဆီယံဗဟိုပြုမှု (ASEAN Centrality)၊ အာဆီယံစုစည်းညီညွတ်မှု (ASEAN Unity)နှင့် အာဆီယံလမ်းကြောင်း (ASEAN Way) တို့သည် မည်သည့်အချိန်နှင့်မျှမတူအောင် ခြိမ်းခြောက်ခံနေရပြီ ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအားလုံး ယခင်ကထက်ပို၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ၎င်းတွင် “အခြား နိုင်ငံများ၏ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှုမပြုခြင်း ဆိုသည့် အခြေခံမူသည် အခြားဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် မတူကွဲပြားပြီး ထူးခြားလှသည့် အာဆီယံ၏ အမှတ်လက္ခဏာတစ်ခုဖြစ်သည်ကို အလေးအနက်ထား ပြောကြားလိုကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို အမြဲတစေ လေးစားခဲ့သလို မည်သည့်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းလည်း မရှိခဲ့ကြောင်း၊ သို့သော် ယနေ့ အာဆီယံထိပ်သီးအစည်းအဝေးတွင်မက ဆွေးနွေးဖက်နိုင်ငံများနှင့် အစည်းအဝေးများ တွင်ပါ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များကိုကြည့်ပါက ASEAN Centrality၊ ASEAN Unity နှင့် ASEAN Way ကို ထိခိုက်လာပြီလား ဆိုသည်ကို သံသယဖြစ်စရာ တွေ့ရှိလာရကြောင်း၊ အကြောင်းပြချက်မှာ မြန်မာနိုင်ငံ၏ လက်ရှိအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက် အာဆီယံထိပ်သီးအစည်းအဝေး၏ သဘောတူညီချက် ၅ ရပ်အပေါ် တုံ့ပြန်မှု မရှိဆိုသည့် အကြောင်းပြချက်ဖြင့် အစည်းအဝေးတွင် မြန်မာအစိုးရ ခေါင်းဆောင် ကို မဖိတ်ရေး အဓိကဆုံးဖြတ်ချက် ထွက်လာကြောင်း၊ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက် အာဆီယံထိပ်သီး အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံတော်၏ လက်ရှိအခြေအနေ၊ ရှေ့ဆက်လုပ် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ရပ်တည် ချက်သဘောထားများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန် ကြီးချုပ်အနေဖြင့် အချက် ၃ ချက်ကို အလေးထား ပြောကြားခဲ့ကြောင်း၊ ၎င်းအချက် ၃ ချက်မှာ မိမိတို့နိုင်ငံအပေါ်ပေးအပ်ခဲ့သည့် အကြံပြုချက်များကို ပြည်တွင်းတွင် လတ်တလောဖြစ်ပျက်နေသည့် အခြေအနေများနှင့်ဆက်စပ်၍ အလေးပေးထည့် သွင်းစဉ်းစားသွားမည်၊ မိမိတို့အနေဖြင့် ပြည်တွင်းတည်ငြိမ်မှုအပေါ်မူတည်၍ အာဆီယံ၏အဆိုပြုချက်များ၊ ခရီးစဉ်များကို စဉ်းစားသွားမည်၊  အာဆီယံ၏ အပြု သဘောပါဝင်ကူညီပံ့ပိုးပေးလိုမှုနှင့် စပ်လျဉ်း၍လည်း အာဆီယံပဋိညာဉ်၊ အာဆီယံ လမ်းစဉ်၊ အာဆီယံစိတ်ဓာတ်အပေါ် အခြေခံမည်ဆိုပါက နိုင်ငံကောင်းကျိုးအတွက် စဉ်းစားပေးမည် ဖြစ်ကြောင်း စသည့် အချက်သုံးချက်ကို ဆွေးနွေးပြောကြားခဲ့မှုအပေါ် ထပ်လောင်းသတိရ စေလိုကြောင်း။

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့လာရောက်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် အလေးထား ဆောင်ရွက်ခဲ့သော်လည်း အမျိုးမျိုးသော ညှိနှိုင်းမှုများနှင့် ပြောင်းလွယ် ပြင်လွယ် တောင်းဆိုမှုများအပြင် နိုင်ငံ၏ တည်ဆဲဥပဒေဖြစ်သည့် တရားရင်ဆိုင်ဆဲပုဂ္ဂိုလ် တစ်ဉီးကို မည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းကမျှ တွေ့ခွင့်မရှိသည့်အချက်ကို ကျော်လွန်၍ တွေ့ခွင့်ရရန် မဖြစ်နိုင်သည့် တောင်းဆိုချက်များပါ ကြုံတွေ့ခဲ့ရကြောင်း၊ ၎င်းကိစ္စရပ်များနှင့် ပတ်သက်၍ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ချက်အပေါ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန က သဘောထားသတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ အာဆီယံ အလှည့်ကျဉက္ကဋ္ဌ၏ ကြေညာချက်သည် အာဆီယံ၏ ပဋိညာဉ်အပိုဒ် ၂၀(၁) ဖြစ်သည့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ဆွေးနွေးတိုင်ပင်ခြင်းနှင့် တူညီဆန္ဒကို အခြေခံရမည်ဆိုသည့်အချက်၊ အပိုဒ် ၂ (၂) (က) ၊ (င) နှင့် (စ) ပါ အဖွဲ့ဝင်နိုင်ငံများ ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားရန်၊ ပြည်တွင်းရေး မစွက်ဖက်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသားရေးတည်ရှိမှုကို ပြင်ပမှမစွက်ဖက်ရေး စသည့်မူများ နှင့် ဆန့်ကျင်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်အား စတင်တာဝန်ယူသည့် ကာလမှစ၍ ချမှတ်ထားပြီး အာဆီနိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး၌လည်း ရှင်းလင်းတင်ပြခဲ့သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အတိုင်း ခိုင်မာတိကျစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အာဆီယံ၏ သဘောတူညီချက် (၅) ရပ်အတိုင်း လုပ်ငန်းစဉ်များအား အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ “နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်၊ ကမ္ဘာ့ငြိမ်းချမ်း ရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည်” ဆိုသည့် နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်လက်လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေညာခဲ့သည် ကိုလည်း အဆွေတော်တို့မှတစ်ဆင့် နိုင်ငံ့ခေါင်းဆောင်အသီးသီးအား ပကတိအခြေအနေမှန်ကို အသိပေးတင်ပြနိုင်ရေးကိုလည်း ဆွေးနွေးလိုကြောင်း၊ ယခုကဲ့သို့ ASEAN Centrality၊  ASEAN Unity နှင့် ASEAN Way များကို ကျော်လွန်ဆောင်ရွက်လာသည်မှာ မြန်မာနိုင်ငံတစ်ခုတည်း အပေါ်ကိုသာ သက်ရောက်မည်မဟုတ်ဘဲ ကျန် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးအပေါ်တွင်လည်း တစ်နည်းမဟုတ်တစ်နည်း မည်သည့်အချိန်မျိုးတွင်မဆို ယခုကဲ့သို့ အာဆီယံပြင်ပအသိုက်အဝန်းများ၏ အသွေးအရောင်စုံ ဖိအားပေး၊ သွေးထိုး၊ သွေးခွဲ၊ သပ်လျှိုမှုနှင့်အတူ စည်းလုံးညီညွတ်သောအာဆီယံအဖွဲ့အတွင်း ဝင်ရောက်စွက်ဖက်မှုများ၊ တစ်နည်းအားဖြင့် အာဆီယံနိုင်ငံအချင်းချင်း မျက်နှာထက်ကျော်လွန်ကြည့်ရသည့် သက်ရောက်မှုများ ရှိလာနိုင်သည်ကိုလည်း သတိပြုကြစေလိုကြောင်း၊ ပိုမိုစည်းလုံးညီညွတ်သည့် အာဆီယံအသိုက်အဝန်းဖြစ်လာရန်အတွက် အာဆီယံကြည်းတပ်များ အဆင့်မှသည် နိုင်ငံအဆင့်အထိ ယခင်ထက်ပို၍ နားလည်မှုရှိရန်၊ ယုံကြည်မှုရှိရန်၊ အပြန်အလှန်လေးစားရန် လိုအပ်သည်ဟု ပြောကြားလိုကြောင်း။

အာဆီယံဒေသအပါအဝင် ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခံစားခဲ့သည့် မိသားစုများအားလုံးအတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရသည်ကို ပြောကြားလိုကြောင်း၊ ကမ္ဘာပေါ်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးသမျှ ဘေးဒုက္ခများ၊ အကြပ်အတည်းများကို မိမိတို့လူသားများ အနိုင်ယူကျော်လွှားနိုင်ခဲ့ကြောင်း၊ ကြုံတွေ့ဖူးခဲ့သည့် အတွေ့အကြုံများကို သင်ခန်းစာယူ၍ ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ထုဆစ်ခဲ့ကြပြီးဖြစ်ကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကြောင့် မိမိတို့အားလုံး ထိခိုက်ခံစားနေကြရသော်လည်း မဝေးတော့သည့်ကာလတွင် ပိုမိုကောင်းမွန်သည့်အခြေအနေကို ရောက်ရှိအောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ မိမိတို့ကြည်းတပ်  တပ်ဖွဲ့ဝင်များသည် အသက်ကိုပင် ပဓာနမထားဘဲ တိုက်ပွဲများဆင်နွှဲလာခဲ့သူများ ဖြစ်ကြောင်း၊ ယခုကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကိုလည်း အစိုးရနှင့်အတူ ပြည်သူနှင့်အတူ လက်တွဲပူးပေါင်း၍ အနိုင်တိုက်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြောင်း၊ အာဆီယံကြည်းတပ် ဉီးစီးချုပ်အားလုံး၊ အာဆီယံကြည်းတပ် တပ်ဖွဲ့ဝင်များအားလုံးနှင့် မိသားစုများ အားလုံး ဘေးကင်းလုံခြုံစွာရှိကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံ ကြည်းတပ်ဦးစီးချုပ်များနှင့် တပ်မတော်အရာရှိကြီးများက “ကိုဗစ်-19 ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးတွင် အာဆီယံကြည်းတပ်များ၏ အခန်းကဏ္ဍ (The  Role  of  ASEAN   Armies  In the  Process  of   Rehabilitation  After  the  COVID-19 Pandemic) ခေါင်းစဉ်နှင့် ပတ်သက်၍ နိုင်ငံအက္ခရာစဉ်အလိုက် ကျယ်ပြန့်စွာ ဆွေးနွေးကြသည်။

ဆက်လက်၍ နိုင်ငံအလိုက်ဆွေးနွေးတင်ပြချက်များအပေါ် မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်တစ်ဉီးဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ယဉ်ယဉ်နွယ် က အနှစ်ချုပ် သုံးသပ်ဆွေးနွေး ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က နိဂုံးချုပ်နှုတ်ဆက်စကား ပြောကြားရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ အာဆီယံကြည်းတပ်များ၏ အတွေ့အကြုံများကို တက်တက်ကြွကြွ ပါဝင်ဆွေးနွေးပေးခဲ့ခြင်းကြောင့် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့သက်ဆိုင်ရာနိုင်ငံများ၏ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အာဆီယံကြည်းတပ်များအနေဖြင့် ပါဝင် ဆောင်ရွက်နိုင်မည့်အခန်းကဏ္ဍကို တွက်ဆမိစေကြောင်း၊ အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး အချက်အလက်ပြည့်စုံသည့် ဆွေးနွေးမှုများဖြစ်သောကြောင့် အကျိုးများစေသည်ဟု ယုံကြည်ပါကြောင်း။

ယခုကျင်းပနေသည့် အာဆီယံကြည်းတပ်ဉီးစီးချုပ်များ အစည်းအဝေးသည် အာဆီယံဒေသ ကာကွယ်ရေးဆိုင်ရာ သံခင်းတမန်ခင်း (Defence Diplomacy of ASEAN) ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ် ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံမှုများမှတစ်ဆင့် အာဆီယံကြည်းတပ် ခေါင်းဆောင်များအကြား ချစ်ခင်ရင်းနှီးမှု၊ နားလည်မှုနှင့် ယုံကြည်မှုများ တိုးပွားလာစေနိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အာဆီယံကြည်း တပ်များအကြားဆက်ဆံရေး၊ အာဆီယံ တပ်မတော်များအကြားဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေမည်ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့အာဆီယံ ကြည်းတပ်ဉီးစီးချုပ်များ အစည်းအဝေးသည် “One Vision, One Identity, One Community” ဆိုသည့် အာဆီယံဆောင်ပုဒ်နှင့်အညီ တစ်ခုတည်းသော အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးတွင် အရေးပါသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်ကြောင်း။

မိမိတို့ ACAMM ကဲ့သို့ စင်္ကြံများမှတစ်ဆင့် ဒေသတွင်းကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခွင့် ရရှိပြီး အာဆီယံအနေဖြင့် တုံ့ပြန်ဆောင်ရွက်သင့်သည့်နည်းလမ်းများကို ဆွေးနွေးအဖြေရှာ အကြံပြုတင်ပြနိုင်မည် ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် အာဆီယံ ကြည်းတပ် ဉီးစီးချုပ်များအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေး၊ ကပ်ရောဂါ အလွန် ကာလပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးပေးခဲ့ကြသဖြင့် ကျေးဇူးတင်ရှိသည်ကို ထပ်မံပြောကြားလိုကြောင်း၊ လူကြီးမင်းတို့၏ ပူးပေါင်း ဆောင်ရွက်မှုမပါဘဲ ယနေ့အစည်းအဝေးကို အောင်အောင်မြင်မြင် ကျင်းပနိုင်မည် မဟုတ်သည်မှာ သေချာပါကြောင်း၊ အစည်းအဝေးတက်ရောက်မှု၊ ပါဝင်ဆွေးနွေး မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ လာမည့်နှစ်တွင် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် ဗီယက်နမ်နိုင်ငံ အနေဖြင့် ACAMM အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်လိမ့်မည်ဟုယုံကြည်ကြောင်း၊ ကပ်ရောဂါအခြေ အနေကိုသာ ထိန်းချုပ်နိုင်ပြီဆိုပါက လာမည့်နှစ်အစည်းအဝေးတွင် မိတ်ဆွေ ကြည်းတပ်ဉီးစီးချုပ်များ အားလုံးကို မျက်နှာချင်းဆိုင် တွေ့မြင်ခွင့်ရလိမ့်မည် ဟုမျှော်လင့်ပါကြောင်းနှင့် ကျန်းမာရွှင် လန်းစွာရှိစေရန် ဆုမွန်ကောင်းတောင်းပေးပါကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ (၂၃)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး(ACAMM XXIII)၊ (၃၀)ကြိမ်မြောက် အာဆီယံတပ်မတော်(ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ (30 th ASEAN   Armies  Rifle  Meet-AARM XXX) နှင့် (၁၀) ကြိမ်မြောက် အာဆီယံလုပ်သက်ရင့် အရာခံဗိုလ်များအစည်းအဝေး    (10 th ASEAN  Sergeant  Major  Army  Meets –ASMAM X) တို့ကို အိမ်ရှင်အဖြစ် တာဝန်ယူ ဆောင်ရွက်မည့် ဗီယက်နမ်နိုင်ငံသို့ ဉက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်ရာ AARM အလံနှင့် ACAMM Stand တို့ကို ဗီယက်နမ်ပြည်သူ့တပ်မတော် ဒုတိယစစ်ဦးစီး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး Nguyen Van Nghia ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ စစ်သံမှူး Senior Colonel Nguyen Thanh Dong က လက်ခံ ရယူသည်။

ယင်းနောက် ASMAM ကျိုင်းအား အရာခံဗိုလ် ဝင်းလှိုင်မှ ဆက်လက်လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ စစ်သံမှူးက လက်ခံရယူသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ ဗီယက်နမ်နိုင်ငံအကြောင်း မိတ်ဆက်ဗီဒီယိုကို ပြသပြီး ဗီယက်နမ်ပြည်သူ့တပ်မတော် ဒုတိယစစ်ဦးစီး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး Nguyen Van Nghia က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အစည်းအဝေးတက်ရောက်လာကြသော မြန်မာနိုင်ငံအခြေစိုက် အာဆီယံနိုင်ငံများမှ စစ်သံမှူးများ၊ သံရုံးတာဝန်ရှိသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)