နေပြည်တော် နိုဝင်ဘာ ၁၂
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး၊ ကုန်သွယ်မှုပမာဏ ပိုမိုတိုးတက်လာစေရေးနှင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အကောက်များ အပြည့်အဝရရှိစေရေး၊ တရားမဝင်ကုန်သွယ်မှုများ မရှိစေရေးတို့ကို ရည်ရွယ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဦးဆောင်၍ တောင်ကုတ်မြို့ ဆိပ်ကမ်း ကုန်ပစ္စည်းစစ်ဆေးရေးစခန်း Check Point ကို နိုဝင်ဘာ ၁၀ ရက် နံနက် ၉ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ တောင်ကုတ်မြို့မှ မြို့မိမြို့ဖများ၊ Check Point အဖွဲ့မှ ဌာနဆိုင်ရာတာဝန်ခံများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်သည်။
တောင်ကုတ်မြို့ ဆိပ်ကမ်း Check Point မှ ပြည်တွင်း ထွက်ကုန်များအား ရေယာဉ်ဖြင့် တင်ဆောင်ပြီး စစ်တွေဆိပ်ကမ်းတွင် ဝင်ရောက်အစစ်ဆေးခံကာ ပို့ကုန်ကြေညာလွှာဖွင့်လှစ်၍ တင်ပို့ခြင်းလုပ်ငန်းစဉ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သွင်းကုန်ပစ္စည်းတင် ရေယာဉ်များအား စစ်တွေ ဆိပ်ကမ်းတွင် သွင်းကုန်ကြေညာလွှာဖွင့်လှစ် တင်သွင်းပြီး တောင်ကုတ်မြို့ ဆိပ်ကမ်း၌ ကုန်ချ ခွင့်ပြုပေးသည့် လုပ်ငန်းစဉ်များကို Check Point အဖွဲ့စုံဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ တောင်ကုတ်မြို့ဆိပ်ကမ်း Check Point မှ ရေထွက်ကုန်ပစ္စည်းများအပြင် ပြည်တွင်းထုတ်ကုန်များဖြစ်သော လယ်ယာထွက်ကုန်ပစ္စည်းများ ဖြစ်သည့် ဆန်၊ ပဲမျိုးစုံ၊ ကြက် သွန်နီ၊ ကွမ်းသီး၊ မန်ကျည်းစေ့၊ ဂျင်း(စို)တို့ကို တင်ပို့နိုင်မည်ဖြစ်ပြီး၊ သွင်းကုန်အနေဖြင့် ဒေသသုံး ပစ္စည်းများကို တင်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
Check Point ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြင့် တောင်ကုတ်ဆိပ်ကမ်းမှ ကုန်ပစ္စည်း တင်ဆောင်လာသော သင်္ဘောများအား တာဝန်ကျ Check Point အကောက်ခွန်မှ သင်္ဘော ဝမ်းပိတ်ချိတ်ထိုးပေးပြီး ၎င်းချိတ်စည်းဖြင့် စစ်တွေဆိပ်ကမ်းတွင် အသေးစိတ်ထပ်မံစစ်ဆေးခံရန် မလိုတော့ဘဲ ပို့ကုန် ကြေညာလွှာဖွင့်လှစ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်သဖြင့် အချိန်နှင့်ကုန်ကျစရိတ်များ သက်သာ ကာ ကုန်သွယ်မှု လျှင်မြန်ချောမွေ့လာမည်ဖြစ်သည်။
ထို့ပြင် ကုန်သွယ်မှုပမာဏ တိုးတက်စေရေးအတွက် အထောက်အကူကောင်းများ ရရှိလာနိုင်မည်ဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုများ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်ခြင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခများ တိုးတက်ရရှိနိုင်ခြင်း၊ ဒေသနေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)