Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဋ္ဌေးအောင် မြန်မာနိုင်ငံ၏ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး စီမံချက်အား အကောင်အထည် ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဋ္ဌာနများ၊ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများနှင့် ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဋ္ဌာန နီလာအစည်းအဝေးခန်းမ၌  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဋ္ဌေးအောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ပြန်လည် ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစဉ်အမြဲထည့်သွင်း လမ်းညွှန်မှာကြားလျက်ရှိပါကြောင်း၊ ယနေ့ကျင်းပ ပြုလုပ်သည့်အစည်း အဝေးသည် ဝန်ကြီးဋ္ဌာနက ရေးဆွဲထားရှိသော မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးစီမံချက်ကို သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဋ္ဌာနများဖြစ်သော ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဋ္ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဋ္ဌာန၊ ကျန်းမာရေး ဝန်ကြီးဋ္ဌာနနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များနှင့် ညှိနှိုင်း၍ အပြီး သတ်ပြင်ဆင် ပြုစုတင်ပြနိုင်ရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း။ ယခုအခါတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်မှုအပေါ် မူတည်၍ ၎င်းတို့ နိုင်ငံများရှိ ခရီးစဉ်ဒေသများသို့ နိုင်ငံတကာနှင့် ဒေသတွင်း ခရီးသွားများကို ဦးတည်၍ စတင်ဖွင့်လှစ် လာကြသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ အနေဖြင့်လည်း နိုင်ငံတကာခရီးသည်များကို လက်ခံ နိုင်ရေးအတွက် အဆင်သင့်ဖြစ်နေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ပြင်ဆင်ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းများကို လေ့လာပြီး မိမိတို့နိုင်ငံနှင့် ကိုက်ညီမှုရှိသည့် နိုင်ငံတကာခရီးသွား ဧည့်သည်များ ဝင်ရောက်ရေးဆိုင်ရာ စီမံချက်ကို ကြိုတင်ပြင်ဆင်ရေးဆွဲထားကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေးသို့ တက်ရောက် လာကြသော ဋ္ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင် ရေး စီမံချက်အပေါ်တွင် ဝိုင်းဝန်းဆွေးနွေးအကြံပြု ပေးကြစေလို ပါကြောင်းပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဋ္ဌာန၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဋ္ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးနောင်နောင်လင်းအောင်က ဝန်ကြီးဋ္ဌာနမှ ရေးဆွဲထားရှိသည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင် နိုင်ရေး စီမံချက်အား ရှင်းလင်းတင်ပြပြီး Online မှ တက်ရောက်လာသည့် ဆက်စပ်ဝန်ကြီးဋ္ဌာနများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများက ခရီးသွားလုပ်ငန်းပြန်လည် စတင်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ဗီဇာများလွယ်ကူ အဆင်ပြေစွာ ရရှိနိုင်ရေး ဆောင်ရွက်ပေးစေလို သည့်အခြေအနေ၊ ခရီးစဉ်ဒေသများရှိ ဆေးရုံများတွင် နိုင်ငံခြားသားခရီးသွား ဧည့်သည်များ ကုသနိုင်ရေး လိုအပ်ချက်များဖြည့်ဆည်းပေးစေလိုသည့်အခြေ အနေ၊ ဟိုတယ်များတွင် ဧည့်စာရင်း တိုင်ကြား မှုစနစ်အား Digital စနစ်ဖြင့် ပေးပို့ လိုမှုအခြေအနေ၊ Visa on Arrival ဆောင်ရွက်ပေးစေလိုသည့်အခြေအနေ၊ Outbound Tour များ ပြန်လည်ဖွင့်လှစ် ပေးစေလိုသည့်အခြေအနေ၊ Health & Safety Protocol လမ်းညွှန်ချက်များကို နိုင်ငံတကာနှင့် ပြည်တွင်းခရီးသွားဧည့်သည်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေလိုရေး ဆောင်ရွက်ပေးစေလိုသည့်အခြေ အနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက် များကို မှန်ကန်စွာ သိရှိမှသာ ကောင်းမွန်သော အဖြေရှာနိုင် မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲ တာဝန်ခံများ အနေဖြင့်လည်း မိမိတို့ဒေသ အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို ခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌများထံသို့ ပြန်လည်တင်ပြပြီး လိုအပ် ချက်များအား ကြိုတင်မျှော်တွေး ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးအတွက် အစိုးရဋ္ဌာနများနှင့် အသင်းအဖွဲ့များ ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်သွားကြရန် လိုအပ်ပါ ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

(သတင်းစဉ်)