Skip to main content

ဒေသတွင်းနိုင်ငံများ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်နိုင်ရေးဆွေးနွေး

 

နေပြည်တော် နိုဝင်ဘာ ၁၀

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့အကြား ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများအကြား ဒေသတွင်းကျေးလက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည့် (၅) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၌ Virtual Conferencing စနစ်ဖြင့် ကျင်းပသည်။

 

ပြောကြား

 

အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်လျှော့ချရန်နှင့် အာဆီယံအသိုက်အဝန်း တည်ထောင်မှုကို အထောက်အကူပေးရန်၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် ၂ဝ၃ဝ ရည်မှန်းချက် ကို တိုးမြှင့်အကောင်အထည်ဖော်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်သွားရန် ရည်ရွယ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အတွေ့အကြုံဖလှယ်ရေး စီမံကိန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ဒေသတွင်း နိုင်ငံများအကြား ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အတွေ့အကြုံမျှဝေဖလှယ်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် (၅)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးကို မြန်မာနိုင်ငံမှ ဦးဆောင်၍ ကျင်းပရခြင်း ဖြစ်ကြောင်း၊ ယခုကျင်းပသော အလုပ်ရုံဆွေးနွေးပွဲနှင့် အစည်းအဝေးများမှ ဒေသတွင်းနိုင်ငံများ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးဆိုင်ရာ ဆောင်ရွက်မှု များနှင့်စပ်လျဉ်းသော အတွေ့အကြုံများကို မျှဝေဖလှယ်သွားမည်ဖြစ်ပြီး အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်နိုင်ရေး ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။

 

တစ်ခုအပါအဝင်

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထူထောင်ပေးသည့် ဒုတိယအကြိမ် အထူးရန်ပုံငွေအရ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းများအနက် ယခုအစီအစဉ်မှာ စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး (Agriculture and Poverty Reduction) ကဏ္ဍတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စီမံကိန်းကာလအဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စီမံကိန်း ဖြစ်သည်။

 

ဆွေးနွေး

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲနှင့် အစည်းအဝေးသို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် ခြောက်နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေး ဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါး မှုလျှော့ချရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တွေ့ကြုံရသော စိန်ခေါ်မှုများ၊ သင်ခန်းစာများ၊ အောင်မြင်မှုများနှင့် အတွေ့အကြုံများကို နိုင်ငံအလိုက် မျှဝေဖလှယ်ခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်