နေပြည်တော် နိုဝင်ဘာ ၁၀
ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရတနာခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) (ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်း သား၊ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ (ကိုယ်စား) တာဝန်ခံ အဖွဲ့ဝင် ဦးဆန်းမြင့်က သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် ယခုသင်တန်းကို နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း အသီးသီးတွင် အလယ်အလတ် အဆင့်များ၌ စီမံခန့်ခွဲမှု တာဝန်ထမ်းဆောင်နေသူများအား ခေတ်နှင့်အညီ ပြောင်းလဲလာသော စီမံခန့်ခွဲရေးဆိုင်ရာ အယူအဆနှင့် အတွေ့အကြုံများကို လေ့လာသိရှိစေရန်၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို ထိရောက်ထက်မြက်စွာ ထမ်းဆောင်နိုင်ရန်၊ နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို နားလည်စေရန်၊ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် ခေါင်းဆောင်မှု သဘောတရားများကို နားလည်စေရန်၊ ပြည်တွင်း၊ ပြည်ပနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အခြေအနေများကို လေ့လာဆည်းပူးနိုင်စေရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှု၊ ညှိနှိုင်းဆောင် ရွက်တတ်မှု၊ ပူးပေါင်းဆောင်ရွက် တတ်မှု၊ ချစ်ခင်ရင်းနှီးမှုများ ပိုမို ရရှိစေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ ယုံကြည်ချက်၊ စိတ်နေ သဘောထား ကောင်းမွန်သည့် ဝန်ထမ်းကောင်းများ ပေါ်ထွက် လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း။ ။
“ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ” ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများသည် မည်သည့်အစိုးရ အုပ်ချုပ်သည်ဖြစ်စေ နိုင်ငံတော်ယန္တရားကြီး ကောင်းမွန်ချောမွေ့စွာ လည်ပတ် နိုင်စေရန် တာဝန်ယူဆောင်ရွက်ပေးရသူများ ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆) ချက်ကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အစိုးရက ချမှတ်ထားသော မူဝါဒ၊ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူ၏ အကျိုးစီးပွားအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်အပြည့်ဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကြိုးစား ထမ်းဆောင်သွားရန် တိုက်တွန်းလိုပါကြောင်း၊ ကိုဗစ်ရောဂါ ကူးစက်မှုကာလအတွင်း ဖွင့်လှစ်ရသော သင်တန်းဖြစ်၍ သတ်မှတ်ထားသည့် စည်းကမ်း ချက်များကို တိကျစွာလိုက်နာ ကြရန် အထူးမှာကြားလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား ၃၉ ဦး၊ သင်တန်းသူ ၄၅ ဦး စုစုပေါင်း ၈၄ ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ရက်သတ္တပတ် ၂၀ ကြာမြင့်မည်ဖြစ်သည်။ သင်တန်းပြီးမြောက်ပါက ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာဘွဲ့နှင့် အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်းဆင်း လက်မှတ်တို့ကို ချီးမြှင့်အပ်နှင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်