Skip to main content

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ် ထုတ်ပြန်

 

နေပြည်တော် နိုဝင်ဘာ ၁၀

 

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်မည့် အစီအစဉ်များကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၁၅) ရက်မှ ဒီဇင်ဘာ (၃၀) ရက်အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း။

 

စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းရာ၌ ဘာသာတွဲ အမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) များဖြင့် ဖြေဆိုမည့်သူများအတွက် အစိမ်းရောင် ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် (၂)၊(၃)၊(၄) များဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင် ဖြေဆိုခွင့် လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားကြောင်း။

 

အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းအုပ်ကြီး များသည် ဖြေဆိုခွင့်လျှောက်လွှာတစ်စောင်လျှင် (၂၀ဝိ/-)ကျပ်နှင့် စာမေးပွဲဝင်ကြေး (၇၀ဝိ/-)ကျပ်တန် ငွေသွင်း တံဆိပ်ခေါင်းများဝယ်ယူပြီး လျှောက်လွှာတစ်စောင်တွင် တံဆိပ်ခေါင်းတစ်ခုကပ်၍ လျှောက်လွှာများကို စုပေါင်းပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ သတ်မှတ်ရက်အတွင်း အချိန်မီ ပေးပို့ကြရမည် ဖြစ်ကြောင်း။

 

ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် (၂၀ဝိ/-)ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက် (၇၀ဝိ/-)ကျပ်တန် ငွေသွင်း တံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ် နေထိုင်သည့်မြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးတွင် သတ်မှတ်ရက်အတွင်း အချိန်မီ တင်သွင်းကြရမည်ဖြစ်ကြောင်း။

 

သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့်ရရှိကြမည် မဟုတ်ကြောင်းနှင့် စာဖြေသူ တင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ဖြေဆိုခွင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့်ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ/မရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ကြရန် သတိပြုစေလိုကြောင်း။

 

ကျောင်းများ ယာယီပိတ်ထားသဖြင့် ကျောင်းဖွင့် ရက်နောက်ကျသော တိုင်းဒေသကြီး/ ပြည်နယ် ကိုးခုမှ မြို့နယ် ၄၆ မြို့နယ်ရှိ အခြေခံပညာကျောင်းများ၏ ကျောင်းသားကျောင်းသူများနှင့် ပြင်ပဖြေဆိုမည့် သူများအတွက် လျှောက်လွှာရောင်းချခြင်းနှင့် ပြန်လည်ပေးပို့ခြင်းတို့ကို သတ်မှတ်ရက်တိုးမြှင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

သတင်းစဉ်