Skip to main content

အကြမ်းဖက်သမားများက ကလေးသူငယ်များ ပညာသင်ကြားနေသည့် စာသင်ဆောင်များနှင့် ပညာရေးဝန်ထမ်းများ၏ အိမ်ရာများအား မီးရှို့ဖျက်ဆီး

 

နေပြည်တော် နိုဝင်ဘာ ၁၀

 

အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးအတ္တကို အခြေခံ၍ နိုင်ငံတော်၏  လည်ပတ်နေသော အုပ်ချုပ်ရေးယန္တရားကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက် လုပ်ရပ်များကို နေရာအချို့၌ ကျူးလွန်လုပ်ဆောင်လျက်ရှိရာ ကျောင်းများ ပြန်လည် ဖွင့်လှစ်လျက်ရှိ သည့်  ယခုအချိန်တွင်လည်း ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၊ ပညာသင်ကြားပေး နေသည့် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ၊ မိဘအုပ်ထိန်းသူများ ကြောက်ရွံ့ ထိတ်လန့်စေရန် လုပ်ကြံသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအား မိုင်းထောင် ဖောက်ခွဲခြင်းတို့အထိပါ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြသည်။

   

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကလေးမြို့၊ အင်းဒိုင်းကုန်းရပ်ကွက်ရှိ အမှတ်(၉) အခြေခံပညာကျောင်းဝန်းအတွင်းသို့ အကြမ်းဖက် သမား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက်၍ လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ခဲ့ရာ ကျောင်းဝန်းအတွင်းရှိ မုန့်ဆိုင်တန်းအဟောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။

   

အလားတူ နိုဝင်ဘာ ၈ ရက် ည ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံဝိန်းလေးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်းရှိ ဆရာ၊ ဆရာမများ နေထိုင်ရန် ဆောက်လုပ်ထားသည့် အဆောက်အဦ ၂ လုံးအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နိုဝင်ဘာ ၉ ရက် နံနက် ၁ နာရီခန့်တွင် မီးငြိမ်း သွားခဲ့သည်။ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂)ခန်းတွဲ မြေစိုက် အဆောက်အဦ ၁ လုံး မီးလောင်ပျက်စီးခဲ့သည်။

   

ထို့ပြင် နိုဝင်ဘာ ၉ ရက် ည ၉ နာရီခွဲခန့်တွင်လည်း ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာရှိ တိုးမာလာအခြေခံပညာ မူလတန်းကျောင်း၏ (၂)ထပ်ကျောင်းဆောင် အနောက်ဘက် လှေကား၌ အဝတ်စ တစ် စ မီးလောင်နေသည်ကို တွေ့ရှိရသဖြင့် ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ပြီး ကျောင်းပေါ်သို့ ကြည့်ရှုခဲ့ရာ ကျောင်းအပေါ်ထပ် ဝရန်တာရှိ သစ်သား ကြမ်းခင်းများပေါ်တွင် ဒီဇယ်ဆီများ လောင်ထားသည်ကို တွေ့ရှိခဲ့ရသည်။

   

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ကျောင်းနေအရွယ်ကလေးသူငယ်များ ပညာသင်ကြားလျက်ရှိသည့် စာသင်ကျောင်းများ၊ ဆရာ၊ ဆရာမများ နားနေဆောင်များနှင့် ပြည်သူများ ပိုင်ဆိုင်သည့် နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်