နေပြည်တော် နိုဝင်ဘာ ၁၀
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအပေါ် လုပ်ကိုင်ခွင့်ရရှိထားသူများအနေဖြင့်လည်း ယင်းမြေကို လွှဲပြောင်းခြင်း ရောင်းချပေါင်နှံခြင်းများ ဆောင်ရွက်ခွင့်မရှိပဲ သတ်မှတ်ချက် များနှင့်အညီ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် ထိန်းကျောင်းကြပ် မတ်မှုများကို ဆောင်ရွက်သွားရန်လိုကြောင်း ယနေ့ နံနက်ပိုင်းက ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် တတိယအကြိမ်မြောက် ကျင်းပပြုလုပ် သည့် အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်ကြီး၊ ဦးသန်းအောင်ကျော်နှင့် ဗဟိုကော်မတီဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ယနေ့အစည်းအဝေးတွင် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံများ၊ မြေယာမဲ့ နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးတို့အတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသည့် ပြည့်စုံသော အမှုတွဲများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ သဘောထားမှတ်ချက် ပြန်ကြားလာသည့် လုပ်ငန်းစာတွဲများ ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဗဟိုကော်မတီသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၈-က (ခ) အရ အယူခံဝင်ရောက်လာခြင်း ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိမှုများအပေါ် သတ်မှတ် ကာလ (၄) နှစ်ပြည့် မြောက်ပြီးချိန်အထိ မြေပြင်တွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမရှိ သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ပြန်လည်သိမ်းဆည်းရန်အတွက် အထူးအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းပေးရန်နှင့် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာ တင်သွင်းခြင်းအား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူက လိုက်နာရန် စည်းကမ်းချက်တွင် စတင်ခွင့်ပြုသည့်နေ့မှစ၍ “(၄)နှစ်အတွင်း ပထမနှစ်တွင် (၁၅) ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် (၃၀) ရာခိုင်နှုန်း၊ တတိယနှစ်တွင် (၃၀) ရာခိုင်နှုန်းနှင့် စတုတ္ထနှစ်တွင် (၂၅) ရာခိုင်နှုန်းဖြင့် ရာခိုင်နှုန်းပြည့်လုပ်ငန်းပြီးစီး သည်အထိ ဖော်ထုတ်လုပ်ကိုင်ရမည်ဖြစ်ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများသည် နိုင်ငံတော်က စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအမျိုးအစား ဖြစ်၍ အဆိုပြု လျှောက်ထားခဲ့သူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထံသို့ ပိုင်ဆိုင်မှု ပေးအပ်ထားခြင်း မဟုတ်ပဲ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပေးအပ်ခြင်းသာဖြစ်သည်။ သို့ရာတွင် သတ်မှတ်ခွင့်ပြုထား သော စိုက်ပျိုး ရေးလုပ်ငန်းများကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးစီးပါက မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း အမျိုးအစားမှ သက်ဆိုင်ရာ စိုက်ပျိုးမြေ အမျိုးအစားများသို့ ပြောင်းလဲ ခြင်းကို ဆောင်ရွက်နိုင်ပြီး ဥပဒေနှင့်အညီ လွှဲပြောင်း ရောင်းချ ပေါင်နှံခွင့်များ ရရှိလာနိုင်မည် ဖြစ်သည်။
၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ ပေါ်ထွန်းလာချိန် မတိုင်မီ ကာလအထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧရိယာပေါင်း (၂၂ ဒသမ ၁၉) သိန်းကျော်ကို လုပ်ပိုင်ခွင့်အတွက် ခွင့်ပြုချထားပေးခဲ့ကြောင်း၊ အဆိုပါ ခွင့်ပြုချထားပေးမှု အား ၂၀၁၆ ခုနှစ်၌ ပြန်လည်စိစစ်ချိန်တွင် ဧရိယာ(၆ ဒသမ ၅)သိန်းကျော်သာ အမှန်တကယ် အကောင်အထည်ဖော် လုပ်ကိုင်နေသည်ကို တွေ့ရှိရသဖြင့် လုပ်ပိုင်ခွင့်ပြုထားသော စုစုပေါင်း ဧရိယာ ၏ (၂၉)ရာခိုင် နှုန်းခန့်သာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက် ထားခြင်းမရှိသည့် ဧရိယာများကို နိုင်ငံတော်က ပြန်လည်သိမ်းဆည်းခဲ့ရကြောင်း၊ အလားတူ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်ရရှိထားသော ဧရိယာများအပေါ် သတ်မှတ်အချိန်ကာလ ပြည့်မြောက်ချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက်ရန်ပျက်ကွက် နေမှုများကို ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြေအား လက်ဦးမှု ရယူလိုမှုအတွက်သာ ဆောင်ရွက်ခြင်းနှင့် ရောင်းကုန်သဖွယ် ရောင်းချခြင်း၊ ပေါင်းနှံ ခြင်း၊ အငှားချထားခြင်း၊ ခွဲစိတ်ခြင်း စသည့် လွှဲပြောင်းမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှု မဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)