Skip to main content

လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် အမှန်တကယ် အလုပ်အကိုင်ဝင်ငွေ ရရှိစေမည့် အသက်မွေးဝမ်းကြောင်းပညာ ကာလတိုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ

နေပြည်တော်     နိုဝင်ဘာ    ၁၀         

အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်အတွက်လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ဌာန၏ မျှော်မှန်းချက်နှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်သည့်နေရာတွင် ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် အမှန်တကယ် အလုပ်အကိုင် ဝင်ငွေရရှိစေမည့် အသက်မွေးဝမ်းကျောင်းပညာ ကာလတို သင်တန်းများကို ဖွင့်လှစ်ဆောင် ရွက်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနက ဝန်ထမ်းများ ရုံးလုပ်ငန်းတာဝန်အပြင် နည်းပြတာဝန်များကိုပါ ထမ်းဆောင်ကြရသည့် ဝန်ထမ်းများဖြစ်၍ ရုံးလုပ်ငန်းများကို ကျွမ်းကျင်တတ်မြောက်ကြရမည်ဖြစ်သကဲ့သို့ နည်းပြတစ်ဦးပီသစွာ မိမိသင်ကြားပေးရမည့် ဘာသာရပ်များတွင် ကျွမ်းကျင်နေရန် လိုအပ်သည့်အတွက် ယခုကဲ့သို့ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ ကျေးလက်ဒေသများအထိ ဖွင့်လှစ်ဆောင်ရွက်ပေးမည့် သင်တန်းများဖြစ်၍ ကျေးလက်ဒေသများအထိ သင်တန်းများ သွားရောက်ဖွင့်လှစ်ပေးမည့် သင်တန်းနည်းပြ များသည် ပြည်သူနှင့်တိုက်ရိုက် ထိတွေ့ရမည်ဖြစ်သည့်အတွက် ဌာနကို ပြည်သူများ အားကိုးယုံ ကြည်ရန် သင်တန်းနည်းပြများတွင် တာဝန်ရှိပါကြောင်း၊ သင်တန်နည်းပြများအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ယူရန် လိုအပ်ပါကြောင်း၊ ရောက်ရှိရာနေရာ ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်သည့်အခါ ဆရာ့ကျင့်ဝတ်ကို သတိပြုလိုက်နာ ကြရန်လိုကြောင်း၊ တစ်ဦးချင်း စွမ်းဆောင်ရည်ရှိမှ မိမိအကျိုး၊ ဌာနအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးနိုင်မည် ဖြစ်သည့်အတွက် စွမ်းအားရှိသလောက် ကြိုးစားဆောင်ရွက်ကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ ရုံးချုပ်၊ ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံ၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (၁၃) ကျောင်းတို့မှ သင်တန်းသား/ သင်တန်းသူစုစုပေါင်း (၄၅) ဦး တက်ရောက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသားများ၏ အိပ်ဆောင်များနှင့် သင်တန်းခန်းမကို လည်းကောင်း၊ ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် သုခမြိုင်မိုတယ်ကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)