နေပြည်တော် နိုဝင်ဘာ ၁၀
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများကို ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ (ရာမည) မိုးလုံလေလုံ အားကစား ခန်းမကို ကြည့်ရှုစစ်ဆေး၍ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြား သည်။
ထို့နောက် အားကစားကွင်းအတွင်း (Synthetic) ပြေးလမ်း ခင်းကျင်းနေမှုနှင့် ဘောလုံးကွင်း ပွဲကြည့်စင် အသစ်တည်ဆောက်မည့် နေရာတို့ကိုလည်းကောင်း၊ စားပွဲတင်တင်းနစ် အားကစားရုံနှင့် မော်လမြိုင်မြို့ ကာယဗလနှင့် ကာယအလှ အားကစားခန်းမကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်လုပ်ကိုင်နိုင်ရေး မှာကြားသည်။
ဆက်လက်၍ မော်လမြိုင်မြို့ ရေကူးကန် တည်ဆောက်ရန် လျာထားမြေနေရာကိုလည်းကောင်း Southern Myanmar F.C ဘောလုံးအားကစားကွင်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ မွန်ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံ၍ မွန်ပြည်နယ် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရ မည့် လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ဆွေးနွေးပွဲအပြီး ပြည်ထောင်စုဝန်ကြီးက ပြည်နယ်ဝန်ကြီးချုပ်ထံ မွန်ပြည်နယ်အတွက် အားကစားအထောက်အကူပြု ပစ္စည်းများ ပေးအပ် လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ် မုဒုံမြို့နယ် အားကစားကွင်း၊ မိုးလုံ လေလုံအားကစား ခန်းမနှင့် ဖူဆယ်အားကစားကွင်း တည်ဆောက်နေမှုကိုလည်းကောင်း၊ ကျိုက်မရောမြို့ ဘောလုံးအားကစားကွင်းကို လည်းကောင်း ကြည့်ရှုစစ်ဆေး၍ ဘောလုံးကွင်း စိမ်းလန်းစိုပြေရေး၊ ပြည်သူများ အချိန်မရွေး လာရောက်ပျော်ရွှင်စွာ ကစားနိုင်ရေးအတွက် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်မြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းရှိ ဝန်ထမ်းများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရှိ ဝန်ထမ်းများကို တွေ့ဆုံသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မော်လမြိုင်တက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန်နှင့် တွေ့ဆုံ၍ မော်လမြိုင်တက္ကသိုလ်အတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းရှိ သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံကာ သင်တန်းသား/သင်တန်းသူများ လေ့ကျင့်နေမှုများနှင့် အားကစားလေ့ကျင့်ရေး အဆောက်အဦများ၊ အားကစားသမားများ၏ အိပ်ဆောင်များ၊ ဆေးခန်းနှင့် စာသင်ကျောင်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် မွန်ပြည်နယ် အားကစားဥယျာဉ် တည်ဆောက်မည့် မြေနေရာအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)