နေပြည်တော် နိုဝင်ဘာ ၁၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ မီဒီယာများအား တွေ့ဆုံမိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူများ၊ နိုင်ငံပိုင်မီဒီယာများအပါအဝင် နေပြည်တော်နှင့် မန္တလေးတို့ရှိ ပုဂ္ဂလိက မီဒီယာအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စီမံချက်များ ဖြစ်သော နိုင်ငံသားများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးသည့် ပန်းခင်းစီမံချက်နှင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစီမံချက်များသည် ကြီးမားကျယ်ပြန့်ပြီး အခြားသော ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရ သည့်အပြင် ပြည်သူများပူးပေါင်း ပါဝင်ကူညီမှသာ အောင်မြင်နိုင်မည့်လုပ်ငန်းများဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေး ခြင်းလုပ်ငန်းကို ယခင်နိုင်ငံတော်အစိုးရအဆက်ဆက် ဆောင်ရွက်ပေးခဲ့ကြပါကြောင်း၊ ယခင်က မိုးပွင့်စီမံချက်၊ သစ္စာစီမံချက်တို့ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ပါကြောင်း။
ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်း ပြည်သူများအတွက် ဥပဒေနှင့်အညီ နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက်ဖြင့် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားကတ်ရရှိမှုသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေးအပြည့်အဝရရှိပြီး လူမှု့ဘဝပြည့်စုံနိုင်မည်ဖြစ်ပါ ကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း သည်လည်း နိုင်ငံတကာ၌(၁၀)နှစ်လျှင် တစ်ကြိမ်ကောက်ယူကြရာ မိမိတို့နိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် အဆင့်ကောက်ယူနိုင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ပြန်လည်ကောက်ယူရန် အလှည့်ကြရောက်ပြီ ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်၏ စီးပွားရေးစီမံကိန်း များ ချမှတ်ဆောင်ရွက်ရာတွင် အခြေခံတွက်ချက်ဆောင်ရွက်ရသည့် တိကျမှန်ကန်သော လူဦးရေကိန်းဂဏန်း အချက်အလက်များ ရရှိစေရေးအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း။
ထို့ပြင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများအား နိုင်ငံသားအဖြစ် ပြန်လည်လက်ခံရေးလုပ်ငန်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လုပ်ငန်းများကို လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များသည် ပြည်သူများ ၏အကျိုးအတွက် ပြည်သူကိုဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများပင် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ ကို ပြည်သူများသိရှိနားလည် ပူးပေါင်းလာစေရေးအတွက် ဝန်ကြီးဌာနမှ Online , Offline အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်ပိုမို သိရှိလာစေရေးအတွက် ယခုကဲ့သို့ မီဒီယာအဖွဲ့အစည်းများကို တွေ့ဆုံရှင်းလင်းချပြခြင်း ဖြစ်ပါကြောင်း၊ မီဒီယာ အဖွဲ့အစည်းများကလည်း မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူများပိုမို သိရှိစေရေးအတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် မီဒီယာအသီးသီးမှ ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆက်သွယ်ဆောင်ရွက်နိုင်မည့် တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)