Skip to main content

ထိန်းသိမ်းစဉ်လာအနုပညာ ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကျင်းပ

ရန်ကုန်   နိုဝင်ဘာ    ၁၀

တက္ကသိုလ်၏ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သင်ကြားမှုသင်ယူမှုများတွင် အထောက်အကူဖြစ်စေ နိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျင်းပပြုလုပ်သည့် ထိန်းသိမ်းစဉ်လာအနုပညာ ဘာသာရပ်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ ကို ယနေ့ နံနက် နာရီတွင် အဆိုပါ တက္ကသိုလ်၏ အနုပညာခန်းမ သရဖီဆောင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

စာတမ်းဖတ်ပွဲအခမ်းအနားသို့ ခေတ္တပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဘာသာရပ်ဆိုင်ရာ ပညာရှင်ကြီးများ၊ သဘာပတိအဖွဲ့ဝင်များ၊ ဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ၊ ဆရာမများ၊ သင်ကြားရေးနှင့် စီမံရေးရာ ဌာနဝန်ထမ်းများ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက Video Clip ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ခေတ္တပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပြင်ပစာပေပညာရှင်၊ အနုပညာရှင်များက သဘာပတိအဖြစ်ဆောင်ရွက်ကြကာ စာတမ်းရှင်များက မိမိတို့ဘာသာရပ် ဆိုင်ရာစာတမ်းများကို ဖတ်ကြားကြသည်။

ပထမဦးစွာ ဂီတပညာဌာနမှ ကထိက ဒေါ်သိမ့်သိမ့်ဆွေကရတုသီဆိုပုံနည်း စနစ်စာတမ်းကိုလည်းကောင်း၊ သဘင်ပညာဌာနမှ လက်ထောက်ကထိက ဒေါ်ခင်နွဲ့အောင်ကရာမဇာတ်ဝင်တေးဂီတကောက်နုတ်ချက်များစာတမ်းကို လည်းကောင်း၊ ပန်းချီပညာဌာနမှ ကထိက ဒေါ်နွယ်နီစိုးကပုရပိုက်ပန်းချီအခြေခံများစာတမ်းကိုလည်းကောင်း ဖတ်ကြားကြ ပြီး နံနက်ပိုင်းအစီအစဉ်ကို နားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ပန်းပုပညာဌာနမှ ကထိက ဒေါ်မြသူဇာဝင်းကမြေမီးဖုတ်စဉ့်ထည် ပန်းပုအနုလက်ရာများ သုတေသနပြုလုပ်ခြင်းစာတမ်းကို လည်းကောင်း၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်မြင့်မြင့်ကြည်က “VFX နည်းပညာနှင့် ရုပ်ရှင်၊ ရုပ်မြင်ဖန်တီးမှုအချို့ကို လေ့လာခြင်းစာတမ်းကိုလည်းကောင်း ဖတ်ကြားကြသည်။

ထို့နောက် တက်ရောက်လာသူများက စာတမ်းရှင်များ၏ ဖတ်ကြားမှုအပေါ် ပြန်လည်မေးမြန်း ဆွေးနွေးခြင်း၊ သဘာပတိများ ဖြစ်ကြသည့် ဂီတပညာရှင် ဦးအောင်ကိန်း၊ ဇာတ်သဘင်ပညာရှင် ဦးရဲထွဋ်၊ ပန်းချီပညာရှင် ဦးအောင်သင်းဦး၊ ပန်းပုညာပညာရှင် ဒေါက်တာပြည့်ဖြိုးကျော်နှင့်  ရုပ်ရှင်နှင့်ပြဇာတ်ပညာရှင် ဒါရိုက်တာ ပန်းချီစိုးမိုးတို့က ခြုံငုံသုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက် ကြောင်းသတင်းရရှိသည်။

 (သတင်းစဉ်)