ရန်ကုန် နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီ တွင် ရန်ကင်းမြို့နယ် (၈)ရပ်ကွက် နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန်အမျိုးမျိုးတို့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေး ချက်များကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ် ကြရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီခွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုလမ်းမြို့နယ်ဆေးရုံရှေ့ ရေမြောင်းအား ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်း တူးဖော်၍ ကျောက်စီနံရံ RC ရက်မရေမြောင်း တည်ဆောက်နေမှုကို လည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂) လမ်းနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် သရက်ပင်ချောင်ရွာအကြား အမှတ်(၇)လမ်းမကြီး အရှည် ၁၁၁၃၇ လမ်းပိုင်း တွင် မူလ ၂၂ ပေအကျယ်လမ်းကို ခြောက်လမ်းသွား ရရှိအောင် စက်ယန္တရားများဖြင့် ထပ်မံတိုးချဲ့နေမှုကို လည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပဲခူး မြစ်လမ်း (ကျားကြီးရေတံခါးနှင့် ဘုရင့်နောင်လမ်း အကြား) အရှည်ပေ ၁၇၉၈၂ ပေ၊ အကျယ် ၂၂ ပေ၊ ဒု ၁၁ လက်မ ကွန်ကရစ်ခင်းကျင်းပြီးစီးမှုကိုလည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၂၇) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပြည်ထောင်စုရေတံခါးသို့သွားရောက်၍ အင်ဂျင်နီယာ ဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ Excavator ယန္တရား ယာဉ်များဖြင့် ကောက်ကွေ့သည့် ချောင်းလမ်းကြောင်းကို တစ်ဖြောင့်တည်းဖြစ်စေရန် တူးဖော်ဖောက် လုပ်နေမှုကို လည်းကောင်း၊ ကမာရွတ်မြို့နယ် အင်းလျားလမ်း အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းရှေ့ လမ်းပေါ်ရှိ ဆက်သွယ်ရေးတိုင်များ တိမ်းစောင်းနေခြင်းကို ပြန်လည်တည့်မတ် စိုက်ထူ နိုင်ရေးနှင့် လေးလမ်းသွား ကတ္တရာကွန်ကရစ် ခင်းကျင်းနိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်