နေပြည်တော် နိုဝင်ဘာ ၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ငါးလုပ်ငန်းအတတ်သင်သိပ္ပံ ကျောင်းသို့ သွားရောက်စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ငါး၊ ပုစွန် မွေးမြူထုတ်လုပ်ရေးကို အခြေခံသည့် အသက် မွေးဝမ်းကျောင်း လုပ်ငန်းကျွမ်းကျင်သူ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးလာစေရန် ငါးလုပ်ငန်း အတတ်သင်သိပ္ပံကျောင်း ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ် များအပြင် ငါးလုပ်ငန်းတက္ကသိုလ် ဖွင့်လှစ်နိုင်ရေး အတွက် မျှော်မှန်းဆောင်ရွက်လျက်ရှိရာ သက်ဆိုင်သူ အားလုံးတို့က မိမိတို့ကျရာ အခန်းကဏ္ဍများက ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း။
ငါး၊ ပုစွန်များ မွေးမြူထုတ်လုပ်မှုအများဆုံး ရှိနေသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့အကြားတွင် တည်ရှိနေသည့် တွံတေးငါးလုပ်ငန်းစခန်းတွင် ယခင်က အသေးစား၊ အလတ်စား ငါးမွေးမြူတောင်သူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအား ခေတ်မီ ငါးမွေးမြူရေး နည်းပညာပေး သင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ယခုအခါ တောင်သူသင်တန်းများအပြင် မွေးမြူရေး လုပ်ငန်းကို စိတ်ပါဝင်စားသည့် တက္ကသိုလ်ဝင်တန်းအောင် လူငယ်များအနေဖြင့် ငါး၊ ပုစွန်မွေးမြူရေး အတတ်ပညာများ လေ့လာသင်ယူနိုင်စေရန် ငါးလုပ်ငန်းအတတ်သင် သိပ္ပံကျောင်း အဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သော ပြင်ဆင် ဆောင်ရွက်နေမှု လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ခြင်းဖြစ်ကြောင်း၊ စာတွေ့လက်တွေ့ သင်ကြားမည့် အစီအစဉ်များ၊ သင်တန်းတွင် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ သင်ကြား သင်ယူနိုင်ရေး၊ သင်တန်းထောက်ပံ့ကြေး ရရှိခံစားနိုင်စေရေး၊ သင်တန်းပြီးဆုံးအောင်မြင်ပါက အလုပ် အကိုင် ရရှိရေးအတွက် သက်ဆိုင်ရာများနှင့် အကြိုညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြား ခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန စီးပွားရေးရာ အထောက်အကူပြုဌာနခွဲ ဒညင်းကုန်း အစာစပ် စက်ရုံကိုလည်းကောင်း၊ လှော်ကား အစာစပ် စက်ရုံကို လည်းကောင်း ရောက်ရှိကြပြီး စက်ပစ္စည်းများ ကြံ့ခိုင်မှု၊ ပြုပြင်ထိန်းသိမ်းထားရှိမှုကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပုဂ္ဂလိက စိုက်ပျိုးရေးသွင်းအားစု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူ လယ်သမားများအတွက် စိုက်ပျိုးသွင်းအားစုများ ဈေးနှုန်းသက်သာစွာ ထုတ်လုပ်ရောင်းချ ပေးနိုင်ရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးဆိုင်ရာများကို တာဝန်ရှိသူများက ဆွေးနွေး ပြောကြားပြီး စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်