နေပြည်တော် နိုဝင်ဘာ ၉
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စတုတ္ထအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများစတင်ကြောင်း အသိပေးကြေညာခြင်း အခမ်းအနားကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါ်မာလာသန်းထိုက် တို့က အဖွင့်အမှာစကား ပြောကြားကြပြီး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက စီမံကိန်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်း တင်ပြသည်။
အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စီမံကိန်းတာဝန်ရှိသူများ တက်ရောက်ကြသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို ဒေသတွင်းနိုင်ငံများ၏နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်နီးချင်း ကောင်းပီသစွာချစ်ကြည် ရင်းနှီးမှုကို အခြေခံပြီး ဒေသတွင်း အဖွဲ့ဝင်(၆)နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်မှုဟန်ချက် ညီရေး၊ ဖွံ့ဖြိုးမှုကွာဟချက် လျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အလေးထားဖော်ဆောင်ရန် ရည်ရွယ်၍ မဲခေါင်မြစ်ဖြတ်သန်း စီးဆင်းသည့် နိုင်ငံများ၏ ရေမြေသဘာဝနီးစပ်မှု၊ သမိုင်းနှင့် ယဉ်ကျေးမှု ဆက်နွယ်မှု၊ ဓလေ့ထုံးစံများ၊ တွေးခေါ်မှုပုံစံများ၊ နေထိုင်စားသောက်မှု စရိုက်လက္ခဏာများ ပျံ့နှံ့ ဆက်နွယ်လျက်ရှိသော တရုတ် ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့ဖြင့် ၂၀၁၆ ခုနှစ်တွင် စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု၏ ပထမအကြိမ်နိုင်ငံ့ ခေါင်းဆောင်များ အစည်း အဝေး၏ ဆန်းယကြေညာစာတမ်း (Sanya Declaration) အရ မဲခေါင်နိုင်ငံများသည် ပွင့်လင်း မြင်သာ ၍ အားလုံးပါဝင်နိုင် ရေးကို အရင်းတည်သည့် မဲခေါင်-လန်ချန်း စိတ်ဓါတ်ဖြင့် ပေါင်းစည်း ဆက်နွယ်မှု၊ ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်ရေးပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု၊ ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စိုက်ပျိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး ဦးစားပေး နယ်ပယ် (၅)ရပ်တွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် မဲခေါင်-လန်ချန်း စီမံကိန်းများတွင် စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကဏ္ဍဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ၂၀၁၇ ခုနှစ်တွင် ပထမအသုတ် စီမံကိန်း(၅) ခု၊ ၂၀၁၈ ခုနှစ်တွင် ဒုတိယ အသုတ်စီမံကိန်း(၉) ခု၊ ၂၀၂၀ ခုနှစ်တွင် တတိယ အသုတ် စီမံကိန်း(၆)ခု ၊ ၂၀၂၁ ခုနှစ် တွင် စီမံကိန်း(၄)ခု စုစုပေါင်းစီမံကိန်း (၂၄)ခု ဆောင်ရွက် လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် အကောင် အထည်ဖော်ရန် ခွင့်ပြုထားသည့် စီမံကိန်းလုပ်ငန်းများအရ မျှစ်ထုတ်လုပ်ရေးနှင့် ဆက်စပ်သော ကျေးလက်နေ အိမ်ထောင်စုများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝင်ငွေတိုးတက်စေရန်၊ စိုက်ပျိုးရေး ဈေးကွက် အလားအလာရှိသော သီးနှံများ ဖြစ်သည့် မက္ကဒေးမီးယား စိုက်ပျိုးသည့် လုပ်ကွက်ငယ် တောင်သူများအား နည်းပညာ ပံ့ပိုးပေးခြင်း၊ အဆင့်မြင့် ထုတ်လုပ်မှု၊ ထုတ်ပိုးမှုနည်းပညာများဖြင့် အရည်အသွေးမြှင့် ကော်ဖီထုတ်လုပ်မှု ဝင်ငွေ တိုးတက်စေရေးနှင့် နယ်စပ်ဖြတ်ကျော် တိရိစ္ဆာန် ကူးစက် ရောဂါများနှင့်လူနှင့် တိရိစ္ဆာန်အကြား အပြန်အလှန် ကူးစက်တတ်သည့် ရောဂါကာကွယ် ဆေးထုတ်လုပ်ခြင်း နည်းပညာ ပူးပေါင်း ဆောင်ရွက်ခြင်းများ ဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းများ အကောင်အထည်ဖော်နိုင်ခြင်းဖြင့် စိုက်ပျိုးရေးနှင့်ဆက်စပ် အသက်မွေးဝမ်း ကျောင်းပြုနေသော ကျေးလက်နေ ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး ယင်းတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း၊ ရာသီ ဥတုပြောင်းလဲမှု၊ သဘာဝဘေးဒဏ် နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်မှုများကြောင့် သွင်းအားစု စရိတ်ကြီးမြင့်လာမှု ၊ သယ်ယူပို့ဆောင် ရေး အခက်အခဲစသည့် စိန်ခေါ်မှုများရှိခဲ့သော်လည်း ညှိနှိုင်းခွင့်ပြု ထားသည့် လုပ်ငန်းစီမံ ကိန်းများ၊ ရန်ပုံငွေများနှင့်အညီ မျှော်မှန်းရလဒ်များရရှိရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်