နေပြည်တော်၊ နိုဝင်ဘာ ၉
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယမန်နေ့ မွန်းလွဲ (၁)နာရီတွင် ကရင်ပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနရုံးသို့ ရောက်ရှိလာပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်းများ အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းအားလုံး အချိန်နှင့်တပြေးညီ ပြီးစီးနိုင်ရေး အတွက် အထက်အောက် အပြန်အလှန် လေးလေးစားစား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေး သည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည် တတိယဟူသော ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဌာနတစ်ခုလုံး အထက်အောက် အပြန်အလှန် အချင်းချင်း ကိုယ်ချင်းစာ စိတ်ဖြင့် မိသားစုစိတ်ဓာတ်ထား၍ လုပ်ငန်းများ ဆောင်ရွက်ရမည်ဆိုလျှင် မည်သည့်လုပ်ငန်းကိုမဆို အောင်မြင်မည် ဖြစ်ပါကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစိုးလွင်နှင့်တာဝန် ရှိသူများသည် ကရင်ပြည်နယ်၊ ဇွဲကပင် (လှာကမြင်) အားကစားကွင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု၍ လက်ရှိပွဲကြည့်စင် အဟောင်းများ၊ အဆောက်အဦ အဟောင်း များ ဖျက်သိမ်းနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့ရှိ(အောင်သံလွင်) ပြည်နယ် အားကစားကွင်း ကို ကြည့်ရှုစစ်ဆေး၍ ဘောလုံးကွင်းအတွင်း (Synthetic) ပြေးလမ်း ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ပြီး အကောင်းဆုံးအသုံးပြုနိုင်ရေးနှင့် ဘောလုံးအားကစားကွင်းကို စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်နိုင်ရေးနှင့် ဘောလုံးကွင်း အရှေ့ဘက် အမိုးပါပွဲကြည့်စင် တည်ဆောက်နိုင်ရန် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ကရင်ပြည်နယ် အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဗိုလ်မှူးကြီး မျိုးမင်းနောင် ဦးဆောင်သော အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ကရင်ပြည်နယ် အားကစားတိုးတက်ရေးအတွက် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းတိုင်ပင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ခေတ္တဝန်ကြီးချုပ်ထံသို့ ကရင်ပြည်နယ်အတွက် အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့ရှိ ဇွဲကပင်ရေကူးကန်သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ရေကူးလာရောက်သူများအတွက် အဆင်ပြေ လွယ်ကူစေရန် မျက်နှာစာ ဝင်ပေါက် တစ်ခု ထပ်မံဖောက်လုပ်ဆောင်ရွက်ရန်နှင့်ရေကူးကန် တည်ဆောက်ထားသော မြေနေရာကိုဌာနပိုင် မြေနေရာအဖြစ် သတ်မှတ်နိုင်ရေး ပြည်နယ်အစိုးရထံမှ အမြန်ဆုံးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်