နေပြည်တော် နိုဝင်ဘာ ၈
နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH၊ NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂၃ ရက်တွင် အေးချမ်းစွာနေထိုင်လိုသော တာဝန်သိ ပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးပူးပေါင်း အဖွဲ့သည် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ သီဟိုဠ်ကျောင်းလမ်း၊ အမှတ်(၅၆၁)နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ အောင်ကောင်းစံ(ခ) ကောင်းကောင်း(၁၇)နှစ်၊ ရှိုင်းအောင်(ခ)ဝိုင်းချစ်(၂၂) နှစ်နှင့် နေမင်းထက်(၁၈)နှစ်တို့ သုံးဦးကို လက်လုပ်ဗုံးနှစ်လုံး၊ ဗျောက်အိုး ၂၂ ဘူး၊ ဓါတ်ငွေ့ကာ မျက်နှာဖုံး ၃ ခု၊ ဓါတ်ငွေ့ကာမျက်မှန် ၃ ခုနှင့် အခြားဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။
တရားခံ နေမင်းထက်၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၃ ရက်တွင် အင်းစိန်မြို့နယ် အတွင်း ဖောက်ခွဲဖျက်ဆီးရေး ဆောင်ရွက်နေသော သူရိန်(ခ) နိုင်လင်းခန့် (၁၈)နှစ်၊ ဘုန်းမြတ်လှိုင် (၁၈)နှစ်၊ ဆန်းရတနာကျော်(၁၇)နှစ်၊ ခိုင်မာစိုး(၁၈)နှစ်နှင့် စောဝင်းကိုကိုထွန်း (၃၁) နှစ်တို့ ငါးဦးကို TOYOTA Vitz အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်အတူ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်း၊ ကွယ်ကဘောဆေးရုံ အနီးတွင် ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ထပ်မံဖမ်းဆီးရမိ
တရားခံ သူရိန်(ခ)နိုင်လင်းခန့်၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၃ ရက်တွင် အင်းစိန်မြို့ နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်၊ (က-၆)လမ်း၊ အမှတ်(၁၂၃) နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ တရားခံ ကျော်ကျော်အောင်(၃၁)နှစ်မှာ တိမ်းရှောင်လျက်ရှိပြီး ဇွဲကိုကို(၂၂)နှစ်နှင့် သန့်ဇင်မျိုး (၃၈)နှစ်တို့ကို လက်လုပ်မိုင်း ၁၀ လုံး၊ ဂျင်ကလိ ၅၀ ၊ ဝါယာမျိုးစုံ သုံးခွေ၊ စက်ဘီးကုန်းသီး ၂၂ လုံး၊ အခြားဆက်စပ် ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဝင်ရောက်ရှာဖွေ
တရားခံ သူရိန်(ခ)နိုင်လင်းခန့်၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၄ ရက်တွင် မရမ်းကုန်း မြို့နယ်၊ သမိုင်းရပ်ကွက်၊ အမှတ်(၆၆၃)နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ အောင်ချမ်းမြေ့(၁၈) နှစ်အား Glock ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၂၀ တောင့်နှင့်လည်းကောင်း၊ သူရိန်(ခ) နိုင်လင်းခန့် နေထိုင်ခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က)ရပ်ကွက်၊ လေးထောင့် ကန်လမ်း၊ တိုက်အမှတ်(၈)၊ (၆)လွှာတိုက်ခန်းအား ဝင်ရောက် ရှာဖွေခဲ့ရာ လက်လုပ်ဗုံးမျိုးစုံ ၁၃ လုံးအားလည်းကောင်း၊ လှိုင်မြို့နယ်၊ သီရိမြိုင်ရပ်ကွက်၊ (၉)လမ်း၌ မိုးကျော်သူ(ခ)ကွမ်းသီး (၃၂)နှစ်အား လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
တရားခံ သူရိန်(ခ)နိုင်လင်းခန့်၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၉ ရက်တွင် ရွှေပြည်သာ မြို့နယ်၊ အမှတ်(၅)ရပ်ကွက် ရှိ“အောင်မြတ်စံ” လက်ဘက်ရည်ဆိုင်၌ တရားခံ အာကာဖြိုး (၂၀) နှစ်၊ စိုင်းဖြိုးမင်းဝင်း(ခ) ကိုစိုင်း (၂၈) နှစ်တို့အား ဖမ်းဆီးရမိခဲ့ပြီး အင်းစိန်မြို့နယ်၊ ရွာမ (အနောက်)ရပ်ကွက်၊ မုဒိတာအိမ်ယာ(၂)၊ အမှတ်(၄၈၆) နေအိမ်၌ နွေးနွေးလှိုင်(ခ) ခင်သစ္စာ (၃၅)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ပြန်လည်ပစ်ခတ်ဖမ်းဆီး
တရားခံများ၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၉ ရက်တွင် ရွှေပြည်သာမြို့နယ်၊ (၅) ရပ်ကွက်၊ စိန်ခြယ်လမ်း၊ အမှတ်(၂၄၈/က) နေအိမ်အား သွားရောက်ရှာဖွေစဉ် နေအိမ်အတွင်းမှ ခုခံပစ်ခတ်သဖြင့် လုံခြုံရေး အဖွဲ့ဝင်များမှ စနစ်တကျပြန်လည် ပစ်ခတ်ဖမ်းဆီးရာ အဆိုပါ နေအိမ်မှ ကျော်စည်သူ (၃၉)နှစ်နှင့် သီဟအောင်(၃၆)နှစ်တို့အား ချိန်ကိုက်ဗုံး သုံးလုံး၊ လက်လုပ်မိုင်းငါးလုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး လှိုင်မြို့နယ်၊ (၁)ရပ်ကွက်၊ ဦးအေး(၃)လမ်း၊ အမှတ်(၉၃) နေအိမ်မှ အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သူ ဆုသစ္စာ (၁၉)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁ ရက်တွင် လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၌ ခင်မောင်ချို (ခ)ချာတိတ် (၆၂)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ပါရမီလမ်း၌ ဇေယျာလင်း(၃၄)နှစ်အား ထပ်မံဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိ
တရားခံ ခင်မောင်ချို(ခ)ချာတိတ်၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၂ ရက်တွင် လှည်းကူး မြို့နယ်၊ ဒကူတုန်းကျေးရွာနေ ဖမ်းဆီးရန်ကျန် တရားခံ ကိုအောင်(ခ) အောင်အောင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ကျော်ကျော်လွင်(၂၉)နှစ်နှင့် အေးအေးမွန်(၃၃)နှစ်တို့ နှစ်ဦးကို ယမ်းမှုန့် တစ်ထုပ်၊ လက်လုပ်ဒုံးသီး ခုနစ်လုံး၊ လက်လုပ်ဗုံးတစ်လုံး၊ လက်လုပ်ချိန်ကိုက်မိုင်း နှစ်လုံး၊ ဂြိုလ်တုဖုန်း သုံးလုံး၊ Laptop သုံးလုံး၊ CD ၅၀ ချပ်ပါ တစ်ထုပ်၊ ဂျင်ကလိ နှစ်ချောင်း၊ M-22 ကျည် ၆၅ တောင့်၊ ပြုလုပ်ဆဲ လက်လုပ်ဗုံး ၄၀ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ အေးအေးမွန်၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၂ ရက်တွင် ဒကူတုန်းကျေးရွာ၊ အနောက်ဘက် တောင်ယာတဲအတွင်းမှ စိုးကြူမျိုး(ခ)အာနိုး (၂၁)နှစ်အား M-16 သေနတ် ၁ လက်၊ ၎င်းကျည်အိမ်တစ်ခု၊ M-22 သေနတ်တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၁၂ ဗို့သေနတ် တစ်လက်၊ တူမီးသေနတ် တစ်လက်၊ ၅.၅၆ ကျည် ၅၀ တောင့်၊ ၁၂ ဗို့ကျည် ၂၀ တောင့်တို့နှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ စိုးကြူမျိုး(ခ)အာနိုး၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၂ ရက်တွင် ဒကူတုန်းကျေးရွာ အနောက်ဘက် တောင်ယာတဲအနီးမှ ဇော်ဇော်ထက်(၂၃)နှစ်နှင့် သက်ပိုင်ဦး (၂၉) နှစ်တို့ နှစ်ဦးအား Sigsauer ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၎င်းကျည် ၂၀ တောင့်နှင့် လည်းကောင်း၊ မျိုးမင်းနိုင်(၃၉)နှစ်နှင့် ခင်မောင်ဦး(၆၆)နှစ်တို့ ၂ ဦးအား လက်လုပ်သေနတ် တစ် လက်နှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
သိမ်းဆည်းရမိ
တရားခံ မျိုးမင်းနိုင်၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၄ ရက်တွင် တွံတေးမြို့နယ်၊ ကျွဲလမ်းကျေးရွာရှိ ဖမ်းဆီးရန်ကျန် တရားခံ ကျော်ကျော်လင်း(ခ) တရုတ်လေး ၏ ငါးကန်မှ လက်လုပ်သေနတ် တစ်လက်၊ လက်လုပ်စိန်ပြောင်း ငါးလက်၊ လက်လုပ် စိန်ပြောင်းဗုံးသီး ၁၆၈ လုံး၊ လက်လုပ်ဗုံး ၅၀ လုံး၊ လက်လှည့် ယမ်းကြိတ်ကိရိယာ တစ်ခု၊ ဂျင်ကလိ ၁၅ ချောင်းတို့အား လည်းကောင်း၊ နိုဝင်ဘာလ ၇ ရက်တွင် ငါးကန်အား ထပ်မံရှာဖွေရာ လက်လုပ်စိန်ပြောင်း တစ်လက်အား သိမ်းဆည်းရမိခဲ့သည်။
ဖောက်ခွဲရေးသင်တန်း
ဖမ်းဆီးရမိတရားခံများမှ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့မှုအနေဖြင့် တရားခံ ဆုသစ္စာသည် KNLA တပ်မဟာ(၆)နယ်မြေတွင် လည်းကောင်း၊ တရားခံ စိုးကြူမျိုး(ခ)အာနိုး သည် ဖမ်းဆီးရန်ကျန် တရားခံ ဖြိုးမာန်ဦး (ငါးဆူတောင် ရွာနေသူ)၏ ချိတ်ဆက်ပေးမှုဖြင့် KNLA တပ်မဟာ(၇)နယ်မြေတွင်လည်းကောင်း အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ကြောင်း၊ တရားခံ ဇော်ဇော်ထက်နှင့် သက်ပိုင်ဦးတို့သည် ဖမ်းဆီးရန်ကျန် တရားခံ ကျော်ကျော်လင်း(ခ)တရုတ်လေး နေထိုင်သော တွံတေးမြို့နယ်၊ ကျွဲလမ်းရွာ၊ ငါးကန်၌ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ ခင်မောင်ချို(ခ) ချာတိတ်၏ ထွက်ဆိုချက်အရ ကျော်မင်းယု(ခ)ဂျင်မီ ဦးဆောင်သော Moon Light Operation အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံ စောသက်ထွန်း (ခ) တည်ကြည်နှင့် တင်မောင်လွင်တို့မှ Star Light Operation အဖွဲ့အား အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဩဂုတ်လ ၈ ရက်တွင် အင်အား(၂၀)ဦးဖြင့် စတင်ဖွဲ့စည်းပေး ခဲ့ကြောင်း၊ Star Light Operation အဖွဲ့အား အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လက်နက်/ ခဲယမ်းများအား အောက်တိုဘာလ ၇ ရက် တွင် Moon Light Operation အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံ စောသက်ထွန်း(ခ) တည်ကြည်သည် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သော NUG မှ တရားခံပြေး လွင်ကိုလတ်နှင့် ဆက်သွယ်၍ Star Light Operation အဖွဲ့ခေါင်းဆောင် ခင်မောင်ချို(ခ)ချာတိတ်ထံသို့ M-16 လေးလက်၊ AK-47 နှစ်လက်၊ MK-12 နှစ်လက်၊ 12-V Short Gun နှစ်လက်၊ ၉မမ ကျည် (၁၈၀)တောင့်၊ AK-47 ကျည် (၃၆၀)တောင့်၊ M-16 ကျည် (၃၅၀)တောင့်တို့အား တွံတေးမြို့နယ်၊ ကျွဲလမ်းရွာရှိ ငါးကန်တွင် ပေးအပ် ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။
တရားခံ ခင်မောင်ချို(ခ) ချာတိတ်၊ သက်ပိုင်ဦး၊ မျိုးမင်းနိုင်၊ ဇော်ဇော်ထက်၊ ဇေယျာလင်းနှင့် ခင်မောင်ဦးတို့သည် အကြမ်းဖက် ဖောက်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တွံတေး မြို့နယ်၊ ကျွဲလမ်းရွာရှိ ဖမ်းဆီးရန်ကျန် တရားခံ ကျော်ကျော်လင်း (ခ)တရုတ်လေး၏ ငါးကန် တွင် လက်လုပ်ဗုံးများ၊ လက်လုပ်သေနတ်များ ပြုလုပ်ခဲ့ကြောင်း၊ Star Light Operation အဖွဲ့တွင် လက်လုပ်ဗုံးများ ပြုလုပ်ရန် လိုအပ်သော ငွေကြေးအား တွံတေးမြို့နယ်၊ NLD ပါတီ ဘဏ္ဍာရေးမှူးဟောင်း ဖမ်းဆီးရန်ကျန် တရားခံ ကိုကိုလတ်နှင့် ကျော်ကျော်လင်း(ခ) တရုတ်လေးတို့မှ ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ ခင်မောင်ချို(ခ)ချာတိတ်မှ Moon Light Operation လုပ်ဆောင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့များ ဖြန့်ခွဲထားရှိမှုနှင့် ပတ်သက်၍ စုံစမ်းရန် ဖမ်းဆီးရန်ကျန် တရားခံ အောင်ပိုင်ထက်(ခ) မိထက်အား တွံတေးနှင့် လှည်းကူးမြို့နယ်အား လည်းကောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ ပြည့်စိုးနိုင်(ခ) သံချောင်း(ခ)ပီနိုအား ရန်ကင်း၊ ဒလနှင့် မင်္ဂလာဒုံ မြို့နယ်တို့အားလည်းကောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ အောင်အောင်(ခ) ကိုအောင်အား မရမ်းကုန်းမြို့နယ်အားလည်းကောင်း တာဝန်ပေးအပ်ထားကြောင်း ဖော်ထုတ်သိရှိရသည်။
Moon Light Operation အကြမ်းဖက်အဖွဲ့မှ ကျော်မင်းယု(ခ)ဂျင်မီ အနေဖြင့် အကြမ်းဖက် လုပ်ငန်းများဆောင်ရွက်နိုင်ရေး Star Light Operation အဖွဲ့အား တွံတေးမြို့နယ်ရှိ နယ်မြေခံ တပ်ရင်း၊ တွံတေးမြို့မရဲစခန်း၊ ဘုရား ငုတ်တိုကျေးရွာရဲကင်းနှင့် ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့မှူး ၁ ဦးအား လည်းကောင်း၊ လှည်းကူးမြို့နယ်ရှိ ထွေ/အုပ်ရုံး၊ မြေစာရင်းရုံး၊ EPC ရုံး၊ သမဝါယမရုံး၊ မြိုမရဲစခန်းနှင့် ၃-လမ်းဆုံ လုံခြုံရေးစခန်းတို့အား လည်ကောင်း၊ ဒလမြို့နယ်ရှိ မှော်စက်ရစဖရုံး၊ မြို့ဝင်ဆိပ်ကြီးနှင့် လုံခြုံရေး စခန်းတို့အားလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ထွေ/အုပ်ရုံး၊ စည်ပင်ရုံးနှင့် ကညနရုံးတို့အား လည်းကောင်း၊ မရမ်းကုန်းမြို့နယ်ရှိ မြို့နယ် ရဲစခန်း၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ EPC ရုံးနှင့် လမ်းဆုံမီးပွိုင့်တို့အား လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ရန် ညွှန်ကြားစေခိုင်းထားကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများမှ လှိုင်မြို့နယ်နှင့် တွံတေးမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်း ဆောင်ရွက်ခဲ့မှုအနေဖြင့်-
တရားခံ မျိုးမင်းနိုင်သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် လှိုင်မြိုင်နယ်၊ သီရိမင်္ဂလာဈေး ကွမ်းဒိုင်ပိုင်ရှင် အပြစ်မဲ့ပြည်သူ ဦးအုန်းထွန်း အားလည်းကောင်း၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် တွံတေးမြို့၊ ကွမ်းခြံကုန်း ရပ်ကွက်၊ ထန်းညီနောင်ဆန်စက်လမ်းနေ အပြစ်မဲ့ပြည်သူ ဦးစိန်လွင် အား လည်းကောင်း ဓားဖြင့်လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ကျူးလွန်ခဲ့ကြောင်း။
တရားခံ မိုးကျော်သူ(ခ)ကွမ်းသီးသည် အောက်တိုဘာလ ၁၃ ရက်တွင် လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ တပ်မတော် ဒန်သတ္တုစက်ရုံ၏ အုတ်တံတိုင်းအနီးတွင် လက်လုပ် ချိန်ကိုက်မိုင်းတစ်လုံးအား ဖောက်ခွဲ ခဲ့ကြောင်းနှင့် အောက်တိုဘာလ ၂၀ ရက်တွင် လှိုင်မြို့နယ်၊ သီရိမြိုင် ဘူတာ အနီးရှိ အပြစ်မဲ့ပြည်သူ ဦးသိန်းဦး အား သွားရောက်လုပ်ကြံရာတွင် တရားခံ မိုးကျော်သူ(ခ) ကွမ်းသီး၊ ဆုသစ္စာတို့မှာ ကင်းထောက်ပေး၍ ဖမ်းဆီးရန်ကျန် တရားခံ ဇော်ဇော် မှ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၂၂ ဦး၊ မ ငါးဦး၊ ပေါင်း ၂၇ ဦး၊ လက်နက်ငယ်မျိုးစုံ ငါးလက်၊ တူမီးသေနတ် တစ်လက်၊ လက်လုပ် သေနတ် နှစ်လက်၊ ကျည်အိမ်မျိုးစုံ လေးခု၊ ကျည်မျိုးစုံ ၁၇၅ တောင့်၊ ယမ်းမှုန့် တစ်ထုပ်၊ လက်လုပ်စိန်ပြောင်း ခြောက်လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၇၅ လုံး၊ လက်လုပ်ဗုံးမျိုးစုံ ၁၂၆ လုံး၊ ဂျင်ကလိ ၆၇ ချောင်း၊ ဂြိုလ်တုဖုန်း သုံးလုံး၊ ဓါတ်ငွေ့ကာ မျက်နှာဖုံး သုံးခု၊ ဓါတ်ငွေ့ကာမျက်မှန် သုံးခု၊ Laptop သုံးလုံး၊ ယမ်းကြိတ်ကိရိယာ တစ်ခုနှင့်အတူ အခြားဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက် မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေး မည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင် ပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
သတင်းစဉ်