Skip to main content

သင်တန်းကျောင်းများတွင် စောင့်ရှောက်ထားသော ကလေးသူငယ်များ၏ဘဝ ဘက်စုံဖွံ့ဖြိုးရေးနှင့် ဘဝရပ်တည်ရေးအတွက် ဆောင်ရွက်ပေးရေးဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၈

သင်တန်းကျောင်းများတွင် ကာကွယ်စောင့်ရှောက်ထားသော ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝ ရပ်တည်ရေးအတွက် ဆောင်ရွက်ပေးရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မိမိတို့ဝန်ကြီးဌာနသည် မိဘမဲ့နှင့် စွန့်ပစ်ကလေးသူငယ်များ၊ တရားရင်ဆိုင်ဆဲနှင့် ပြစ်ဒဏ်ကျ ကလေးသူငယ်များ၊ လမ်းပေါ်နေ ကလေးသူငယ်များအတွက် သင်တန်းကျောင်းများ ဖွင့်လှစ်၍ စောင့်ရှောက်လျက် ရှိပါကြောင်း၊ အဆိုပါ ကလေးသူငယ်များအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင် ကောင်း ဖြစ်စေရန် အထူးအလေးထား၍ ပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ကလေးသူငယ်များအတွက် လိုအပ်ချက်အပေါ် အဖြေရှာ၍ လိုက်ဖက်သင့်တော် သည့် သက်မွေးပညာရပ်များ သင်ကြားပေးနိုင်ရေး စောစီးစွာ စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ နောက်ဆက်တွဲ စောင့်ကြပ်ကြည့်ရှုမှုများကိုလည်း ဆက်လက် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက မူကြမ်းရေးဆွဲထားရှိသည့် သင်တန်းကျောင်းများ တွင် ကာကွယ်စောင့်ရှောက်ထားသောဌာနပိုင် ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝရပ်တည်ရေးအတွက် ဆောင်ရွက် ပေးရေး စီမံချက်နှင့် ဆောင်ရွက်ချက်များ အပေါ်တိုင်းတာနိုင်မည့် အညွှန်းကိန်းများ၊ အကဲဖြတ် မှတ်တမ်းများရေးဆွဲ ထားရှိမှုတို့ကိုလည်းကောင်း၊ အမျိုးသမီးသင်တန်းကျောင်းများ၏ ရည်ရွယ်ချက်များ ပြင်ဆင်ရေးဆွဲ ထားရှိမှုများကိုလည်းကောင်း၊ ကလေးသူငယ်များအတွက် လုံခြုံစိတ်ချရပြီး ဘဝအာမခံချက်ရှိသည့် အလုပ်အကိုင် နေရာချထားပေးမှုများအတွက် ဆောင်ရွက်ရန် ကိစ္စများကိုလည်းကောင်း ဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာသူများက သင်တန်းကျောင်းများမှ ကလေးသူငယ်များအတွက် ဘဝရပ်တည်ရေးစီမံချက် (မူကြမ်း)၊ အညွှန်းကိန်းများ၊ အကဲဖြတ်မှတ်တမ်းများနှင့် အမျိုးသမီး ကျောင်းများ၏ ရည်ရွယ်ချက်များအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်