ရန်ကုန် နိုဝင်ဘာ ၁၈
လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့် ခံစားနေစဉ် ၎င်းဒဏ်ရာဖြင့် သေဆုံးသွားသည့် လှိုင်သာယာမြို့နယ်၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ ရွှေလင်ပန်းစက်မှုဇုန်ရုံးခွဲတွင် အကျုံးဝင် မှတ်ပုံတင်ထားသော Super Capital Power Co.,Ltd မှ အာမခံ အလုပ်သမားဖြစ်သူ ဦးလှဝင်း၏ အာမခံအလုပ်သမား ကျန်ရစ်သူ အကျိုးခံစားခွင့် ပေးအပ်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက Super Capital Power Co.,ltd အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လှုမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံ အရာရှိ၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲဇော်ဝင်းက Super Capital Power Co.,ltd ရှိ တာဝန်ရှိသူများ ရှေ့မှောက်တွင် ကွယ်လွန်သူ ဦးလှဝင်း၏ ဇနီးဖြစ်သူ ဒေါ်နန်းတင်တင်လှထံသို့ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်၊ နာရေးစရိတ်အကျိုးခံစားခွင့် နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် စုစုပေါင်း ငွေကျပ် ၁၀၀၅၅၇၂၅ ဒသမ ၈၇ တိတိကို ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးတာဝန်ခံအရာရှိက လူမှုဖူလုံရေးအဖွဲ့၏ အကျိုးခံစားခွင့်များ၊ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို Super Capital PowerCo.,ltd တာဝန်ရှိသူများ၊ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် အာမခံအလုပ်သမားများအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)