Skip to main content

ဘဏ္ဍာရေးနှင့် ဌာနတွင်းစာရင်းစစ်ပညာ မွမ်းမံသင်တန်းအမှတ်စဉ် (၁/ ၂၀၂၁) သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၈

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဘဏ္ဍာရေးနှင့်ဌာနတွင်းစာရင်းစစ် ပညာမွမ်းမံ သင်တန်းအမှတ်စဉ် (၁/ ၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဘဏ္ဍာရေး ဆိုင်ရာ အရာထမ်း/ အမှုထမ်းများကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့မှ သင်တန်းလာရောက်ပို့ချပေးမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေး ဝန်ထမ်းများ သည် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ဝင်ငွေများကိုလျာထားခြင်း၊ အသုံးစရိတ်များကို ခန့်မှန်းရေးဆွဲခြင်းတို့ ဆောင်ရွက်ရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ညွှန်ကြားထားသော ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် စာရင်းပြု နည်းလမ်းညွှန်ချက်၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများ၊ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ တိကျစွာ ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူ များအနေဖြင့် သင်တန်း နည်းပြများ၏ ပို့ချမှုများကို လုံ့လစိုက်ထုတ်၍ လေ့လာသင်ယူမှတ်သားကြရန်နှင့် မိမိတို့ဌာန အတွက် အမှန်တကယ် အကျိုးရှိစွာ ပြန်လည်အသုံးချ ဆောင်ရွက်နိုင်ရေး ကြိုးစားကြရန် ပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ သင်တန်းနည်းပြများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား/ သူ (၃၀)တို့နှင့် ဗီဒီယိုကွန်ဖရင့်ဖြင့် (၅၀) စုစုပေါင်း (၈၀)  ပါဝင် တက်ရောက်ကြသည်။

(သတင်းစဉ်)