ရန်ကုန် နိုဝင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်-ပုသိမ် လမ်းမ၊ ရန်ကုန်-ညောင်တုန်းလမ်းဆုံမှ တပင်ရွှေထီး လမ်းအကြား ရေနုတ်မြောင်း အရှည်ပေ (၁၃၀၀၀) တစ်လျှောက် အမှိုက်များ၊ မြောင်းချေးများ တူးဖော်ဆယ်ယူ ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ရေနုတ်မြောင်း တစ်လျှောက် ဘေး ဝဲ/ယာမှ အမှိုက်နှင့်မြောင်းချေးများ သိမ်းဆည်းရှင်းလင်း၍ သန့်ရှင်းသာယာ သပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လိုက်လံ ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းအမြန်ပြီးစီးရေးအတွက် စက်ယန္တရားနှင့် လုပ်သားအင်အား ဖြည့်တင်း ဆောင်ရွက်ရေးနှင့် ဆယ်ယူရှင်းလင်းပြီးသည့် ရေနုတ် မြောင်း ဝဲ/ယာတစ်လျှောက် စိမ်းလန်းစိုပြည် သန့်ရှင်းသာယာ သပ်ရပ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယခုဆောင်ရွက်နေသည့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းမ တစ်လျှောက် ရေနုတ်မြောင်းအား တူးဖော် ဆယ်ယူရှင်းလင်း၍ စိမ်းလန်းစိုပြည် သန့်ရှင်းသာယာ သပ်ရပ်ရေး လုပ်ငန်းများဆောင်ရွက်ပြီး ၎င်းမှ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာအထိ ဆက်လက်ဆောင်ရွက်လျက်ရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့သို့ ဝင်ရောက်လာသည့် လမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန်၍ သန့်ရှင်းသာယာသပ်ရပ်ပြီး မြို့ပြမြင်ကွင်းအား ယခင်ထက် ပိုမိုကောင်းမွန်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)