ရန်ကုန် နိုဝင်ဘာ ၈
မွေးမြူရေးလုပ်ငန်းတွင် အစာကျွေးမွေးစရိတ်သည် ၇ဝ ရာခိုင်နှုန်းထိ ကုန်ကျလျက်ရှိရာ အဆိုပါကုန်ကျစရိတ်ကို လျှော့ချခြင်းဖြင့် မွေးမြူရေးတောင်သူတို့ တွက်ခြေကိုက် ပိုမိုအမြတ် ရရှိနိုင်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအနေဖြင့် ပရိုတိန်း ၁၅ ရာခိုင်နှုန်းထိ ပါဝင်သော မြက်ချိုပင်များကို သုတေသနပြု စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
မွေးမြူရေးအစာ ကောက်ရိုးသည် ပရိုတိန်းဓာတ် ၃ ဒသမ ၅ ရာခိုင်နှုန်းပါဝင်ပြီး သုတေသနပြု စိုက်ပျိုးထုတ်လုပ်နေသော တိရိစ္ဆာန် အစာပင်မြက်သည် ပရိုတိန်းဓာတ် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထိ ပါဝင်သောကြောင့် မွေးမြူရေးတောင်သူတို့အတွက် အစာကျွေးမွေးမှုစနစ် ကျယ်ပြန့် ဖြစ်ထွန်းလာစေရန် ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုး ထုတ်လုပ်နိုင်ရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
“အစာစရိတ်ကိုလျှော့ချနိုင်ရင် မွေးမြူတဲ့တောင်သူတွေအတွက် အကျိုးကျေးဇူးများမှာပါ။ အခုစိုက်ပျိုးသုတေသနပြုနေတဲ့ အစာနုမြက်ဟာပရိုတိန်း ဓာတ်များတဲ့အတွက် များများကျွေးနိုင်ရင်အသားထွက်နှုန်း၊ နို့ထွက်နှုန်းဖြစ်စေကောင်းစေပါတယ်။ ဒါကြောင့်မွေးမြူရေး တောင်သူတွေအနေနဲ့ နေပီယာ(ပက်ချောင်း) အစာနုမြက်ကို ဌာနက အခမဲ့ဖြန့်ဝေပေးနေ ပါတယ်။ တိရိစ္ဆာန်အစာပင်ကို ဈေးကွက်ဖြစ်လာဖို့ ကျန်တဲ့တိုင်းဒေသကြီး တွေမှာလည်း ဆောင်ရွက်နေတာကြောင့် နောက်ပိုင်းမှာ မြက်စိုက်တောင်သူတွေအဖြစ် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း များလာနိုင်ပါတယ်။ ပရိုတိန်းများတဲ့ အစာနုတွေကို တောင်သူတွေ အသုံးပြုနိုင်ခြင်းဟာ မွေးမြူရေးကဏ္ဍကိုသာမက တောင်သူတွေရဲ့ အကျိုးစီးပွားကို ရရှိစေ ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာ တိုးမင်းထွန်းက ပြောကြားသည်။
တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် အသားဓာတ် ၁၄ ဒသမ ၇ ရာခိုင်နှုန်း ပါဝင်သော နေပီယာ မြက်ချို (အစ္စရေးမြက်ချို) ကို သုတေသနပြုစိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး မွေးမြူရေးနွားများအပြင် အခြားသော တိရိစ္ဆာန်များကိုလည်း ကျွေးနိုင်ရန် ဆောင်ရွက်ထားသည်။ နေပီယာမြက် (ပက်ချောင်း) တွင် အသားဓာတ်၁၀ဒသမ ၅ ရာခိုင်နှုန်း၊ နေပီယာမြက် (တေဂူရမ်) တွင် အသားဓာတ် ၁၁ ဒသမ ၂ ရာခိုင်နှုန်းပါဝင်ပြီး Ever green grass မြက်တွင် အသားဓာတ် ၁၂ ဒသမ ၆ ရာခိုင်နှုန်း၊ ဆစ်ဂနယ်မြက်တွင် အသားဓာတ် ၅ ဒသမ ၆ ရာခိုင်နှုန်းနှင့် ဂီနီမြက်တွင် အသားဓာတ် ၁၄ ဒသမ ၃၅ ရာခိုင် နှုန်းတို့ ပါဝင်သောကြောင့် အစာနုပင်များကို ကျွေးသောစနစ်ကို ကျယ်ပြန့်စွာပြောင်းလဲ အသုံးပြုခြင်းဖြင့် မွေးမြူရေး တောင်သူတို့ အတွက် စီးပွားဖြစ်ထွန်းမှုကို အထောက်အပံ့ ဖြစ်စေမည်ဖြစ်သည်။
ဌာနအနေဖြင့် တိရိစ္ဆာန်အစာပင် စိုက်ပျိုးထုတ်လုပ်မှုကို မွေးမြူရေးတောင်သူတို့ ပိုမိုသိရှိ အသုံးပြုနိုင်ရန် သင်တန်းများ ပို့ချပေးလျက်ရှိပြီး မွေးမြူရေးတိရိစ္ဆာန်များ အစာရှားပါးမှု မရှိစေရန် မြင်ချဉ်ဖတ်ပြုလုပ်နည်းကိုလည်း လက်တွေ့သင်ကြားပေး လျက်ရှိသည့်အပြင် Ever green grass စိုက်ပျိုးနည်းသင်တန်းကိုလည်း ဌာနနှင့်ကုမ္ပဏီတို့ ပူးပေါင်း၍ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။ မျိုးကောင်းမျိုးသန့်များကို မွေးမြူနိုင်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာရှိ နို့စားနွားမွေးမြူရေး သုတေသနနှင့် သရုပ်ပြခြံ၌ နိုင်ငံခြားနို့ စားနွားအနွယ်ဝင် နို့စားနွား (၆၈) ကောင်နှင့် နို့စားကျွဲ အကောင် (၂၀) မွေးမြူထားရှိပြီး ဒေသနှင့်ကိုက်ညီသော နို့စားနွားမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူး နိုင်ရန်နှင့် မွေးမြူရေးတောင်သူတို့ အကျိုးဖြစ်ထွန်းစေမည့် ပရိုတိန်းဓာတ် ၁၅ ရာခိုင်နှုန်းထိ ပါဝင်သော တိရိစ္ဆာန်အစာ မြက်ချိုပင်များ ကိုလည်း သုတေသနပြု စိုက်ပျိုးထုတ်လုပ်လျက် ရှိသည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ (သတင်းစဉ်)