Skip to main content

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၈

ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်မ၌ ကျင်းပသည်။

ရှေးဦးစွာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့အနေဖြင့် ကန့်သတ် ဓာတုပစ္စည်းများနှင့် တားမြစ်ဓာတုပစ္စည်းများစာရင်းကို ဥပဒေအရ ဖွဲ့စည်းထားရှိသည့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များရယူ၍ လိုအပ်ချက် များနှင့်အညီ ထုတ်ပြန်ကြေညာလျက်ရှိကြောင်း၊ သက်ဆိုင်ရာ စစ်ဆေးရေး အဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အရည်အသွေးကို နမူနာရယူ၍ ဓာတ်ခွဲ စစ်ဆေးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးတွင် မူလဓာတ်ခွဲခန်းကို စတင် တည်ဆောက်လျက်ရှိကြောင်း၊ ဗဟိုဦးစီးအဖွဲ့နှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို စက်မှုဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ဓာတုပစ္စည်းနှင့်ဆက်စပ် ပစ္စည်းများအား နိုင်ငံအတွင်းသို့တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်းများ အတွက် ထောက်ခံချက်များကို စိစစ် ထုတ်ပေးလျက်ရှိကြောင်း၊ ဗဟိုဦးစီးအဖွဲ့အနေဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊  လုပ်ငန်းတာဝန်များနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဗဟိုဦးစီးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ပညာရှင်များအနေဖြင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ချမှတ်နိုင်ရေးအတွက် ပွင့်လင်းစွာ ဝိုင်းဝန်းအကြံ ပြုဆွေးနွေးပေးရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဓာတုပစ္စည်း၊ ဆက်စပ်ပစ္စည်းများနှင့်ပတ်သက်၍ ဆက်စပ်ဝန်ကြီးဌာန အဖွဲ့အစည်းများမှ သဘောထားများတောင်းခံလာပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြန်ကြားပေးလျက်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများကိုလည်း လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ လေ့လာဆန်းစစ်ခြင်း၊ EIA၊ IEE၊ EMP တို့ကိုလည်း ရေးဆွဲဆောင်ရွက် လျက်ရှိကြောင်း၊ ရွှေသန့်စင်ထုတ်လုပ်သည့် လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသော ဓာတုပစ္စည်းများနှင့် ပတ်သက်၍ အထူး အလေးထား ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ဝန်ကြီးဌာနအောက်ရှိ စက်ရုံများ၌ အမိုးနီးယားထုတ်လုပ်ခြင်း လုပ်ငန်းများအား ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေနှင့် အညီ ဆောင်ရွက်လျက် ရှိကြောင်း၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ပူးပေါင်း‌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများနှင့်ပတ်သက်၍ အလုပ်သမား များ အတွက်သာမက ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက်လည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဥပဒေကို ပြဋ္ဌာန်းပြီးဖြစ်၍ စက်ရုံအလုပ်ရုံများကို သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း၊ ဓာတုပစ္စည်းများနှင့်ပတ်သက်၍ ထိခိုက်မှု မရှိအောင် ကာကွယ်နိုင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က ခေတ်မီဓာတ်ခွဲခန်းများ ဖွင့်လှစ်၍ ဓာတုပစ္စည်းများကို စစ်ဆေးပေးလျက်ရှိကြောင်း၊ ဓာတု ပစ္စည်း အသုံးပြုမှုလျော့ချနိုင်ရေးအတွက် အနုဇီဝပိုးမွှားများဖြင့် အစားထိုး အသုံးပြုနိုင်ရေး၊  သုတေသနများ ပြုလုပ်လျက်ရှိကြောင်း၊ ဓာတုပစ္စည်းများနှင့်ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဓာတုပစ္စည်း၊ ဆက်စပ် ပစ္စည်းများနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းကြပ်မတ် စစ်ဆေးနေမှုအခြေအနေနှင့် ဓာတုပစ္စည်းများနှင့်ပတ်သက်၍ လမ်းညွှန်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် အဖွဲ့ဝင်များ၊ ပညာရှင်များက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြပြီး စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)