နေပြည်တော် နိုဝင်ဘာ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် နိုဝင်ဘာ ၅ ရက်က ရန်ကုန် အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပဋိဇီဝ ဓါတ်ကြွင်းနှင့် ဗိုင်းရပ်ပိုးစစ်ဆေးရေးဓါတ်ခွဲခန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး သည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ပြည်ပပို့ကုန် ငါး၊ ပုဇွန်များ ပြုပြင်ထုပ်ပိုးမှု လုပ်ငန်းများ အနေဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိရာတွင် အဆိုပါ စက်ရုံ အလုပ်ရုံများ၏ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ လုပ်ငန်းခွင်ဆောင်ရွက်သူ အားလုံး၏ ကူးစက်ရောဂါကင်းစင်ရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ အစားအစာဘေးကင်း လုံခြုံမှုဆိုင်ရာ စံသတ်မှတ်ချက်များ တိကျစွာ လိုက်နာဆောင်ရွက်ရေးကို တာဝန်ရှိသူအဆင့် ဆင့်တို့က အလေးထား ကြပ်မတ်ရန် လိုကြောင်း၊ ပို့ကုန်ပစ္စည်း၏ စံချိန်စံညွှန်းသေချာမှုသည် ယင်းပစ္စည်း၏ တန်ဖိုးဖြစ်သကဲ့သို့ ဈေးကွက်၏ ယုံကြည်မှု အာမခံချက် ဖြစ်သည်ကို အထူးဂရုပြု ကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါဓာတ်ခွဲခန်းအနေဖြင့် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြု ဓာတ်ခွဲခန်း ထောက်ခံချက် (ISO/IEC 17025:2017) လက်မှတ်ကို ပဉ္စမအကြိမ်ရရှိထားပြီး ပဋိဇီဝဓါတ်ကြွင်းနှင့် ဗိုင်းရပ်ပိုးစစ်ဆေးရေး ဓါတ်ခွဲခန်းလုပ်ငန်းများ၊ စစ်ဆေးရေးနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပို့ကုန်များတွင် ကူးစက်ရောဂါနှင့် ဓာတ်ကြွင်းများပါဝင်မှု မရှိစေရေးလုပ်ငန်းများကို မြန်မာ့မွေးမြူရေး ရေထွက်ကုန်များအတွက် ဓာတုဓာတ်ကြွင်းများ စောင့်ကြည့် စစ်ဆေးမှု အမျိုးသားအဆင့်စီမံချက် (National Residue Monitoring Plan-NRMP) နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၉) အစည်းအဝေးခန်းမတွင် ဝန်ကြီးဌာနအောက်ရှိ တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရေရှည်တည်တံ့သော ထုတ်လုပ်မှု ပြုပြင်ထုတ်ပိုးမှု နည်းပညာများ ထောက်ပံ့ပေးနိုင်ရေးနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက် အလက်များကို အသုံးပြု၍ ပြည်တွင်းပြည်ပ ဈေးကွက်ဝယ်လိုအားနှင့်အညီ ဘေးအန္တရာယ် ကင်းရှင်းပြီး အာဟာရပြည့်ဝသည့် အမယ်စုံလင်သော စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)