Skip to main content

စနစ်ဟောင်း ငါးမွေးမြူခြင်းမှ ခေတ်မီစနစ်ဖြင့် တစ်နေရာတည်း၌ ငါးနှင့်ပတ်သက်သော စားသောက်ကုန်များထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်

နေပြည်တော် အောက်တိုဘာ ၃၀

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဘုရားကျောင်းကျေးရွာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ငါးမွေးမြူခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ အေးခဲခြင်းနှင့် ဆက်စပ်သောလုပ်ငန်းများ လုပ်ကိုင် လျက်ရှိသည့် Global Earth Agro & Aqua Industry Public Company Limited (GEAA)၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသို့ သွားရောက်ကြည့်ရှု အားပေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များကို ကုမ္ပဏီဥက္ကဋ္ဌ ဉီးဌေးမြင့် က လုပ်ငန်းလည်ပတ်နေမှု၊ ငါးသားပေါက် ထုတ်လုပ်မှု၊ Modern Steel Tank နှင့် Eco and Smart Growout နည်းပညာသစ်အသုံးပြု၍ ငါးမွေးမြူထုတ်လုပ်မှု၊ ငါးအစာ၊ ငါးပေါင်းမှုန့်၊ ငါးဆီ ထုတ်လုပ် နိုင်မှု၊ ငါးအစာတောင့်နှင့် အအေးခန်းစက်ရုံ ဆောင်ရွက်နေမှု၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာများ  ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပြီး တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးမြှင့်နိုင်ရေး၊ သွင်းကုန်အစားထိုး ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေး၊ ပြည်ပဈေးကွက်ချဲ့ထွင်နိုင်ရေး၊ နည်းပညာမြှင့်တင်နိုင်ရေးနှင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရေး၊ လုပ်ငန်းတိုးချဲ့နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ဖော်ဆောင် နိုင်ရေးနှင့် နည်းပညာသစ်များဖြန့်ဝေမြှင့်တင်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လူနေမှုစနစ် တိုးတက်လာစေရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြန်လည် အကြံပြု ဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကုမ္ပဏီ၏ ငါးသားဖောက်စခန်း (Hatchery) များ၊ Aqua Feed Factory အစာတောင့်စက်ရုံ၊ Modern Steel Tank ငါးမွေးကန်များ၊ Eco & Smart Growout ငါးမွေးကန်များ၊ ငါးအ‌ခြေခံစားသောက်ကုန်ထုတ်စက်ရုံ၊  အအေးခန်းစက်ရုံများ၊ Fish Powder Factory (ငါးဟင်းခတ်မှုန့်)စက်ရုံများ၊ ငါးဖမ်းဆီးထုတ်လုပ်နေမှုများနှင့် ဝန်ထမ်း အိမ်ရာများအား  လှည့်လည်ကြည့်ရှုသည်။

အဆိုပါလုပ်ငန်းသည် စနစ်ဟောင်းငါးမွေးမြူခြင်းမှ ခေတ်မီစနစ်ဖြင့် တစ်နေရာ တည်း၌  ခေတ်မီငါးသားပေါက်ထုတ်လုပ်ခြင်း၊ ခေတ်မီစနစ်ဖြင့် ငါးမွေးမြူခြင်း၊ အသား တိုးမွေးမြူခြင်းနှင့် အစာထုတ်လုပ်ခြင်း၊ ငါးပြုပြင်ထုတ်လုပ်မှု၊ အခဲခံမှု၊ ငါးကုန်ချော ထုတ်လုပ်မှု၊ အအေးခန်း သိုလှောင်မှုနည်းစနစ်များပါဝင်၍ ငါးနှင့်ပတ်သက်သော စားသောက်ကုန်များထုတ်လုပ်ပြီး မြန်မာ့ရေထွက်ပစ္စည်းများကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်မည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

သတင်းစဉ်