Skip to main content

မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ပိုင် မန္တလေးနို့ချက်စက်ရုံ ပြန်လည်လည်ပတ်၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးဆွေးနွေး

မန္တလေး အောက်တိုဘာ ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက မန္တလေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်နိုင် မန္တလေး နို့ချက်စက်ရုံပြန်လည်လည်ပတ်ပြီး နို့နှင့် နို့ထွက် ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်သည်။ အဆိုပါ အစည်းအဝေးသို့ သမဝါယမ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မန္တလေးနို့ချက်စက်ရုံ

မန္တလေးနို့ချက်စက်ရုံအား ၁၉၈၅ ခုနှစ် ဇန်နဝါရီတွင် မန္တလေးတိုင်းသမဝါယမအသင်းစုမှ စတင်တည်ဆောက် အကောင် အထည်ဖော်ခဲ့ကြောင်း၊ ၁၉၉၆ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ Myanmar Dairy Industries Co., Ltd: နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ မန္တလေးနို့ချက်စက်ရုံ ပြန်လည်လည်ပတ်ထုတ်လုပ်နိုင်မည်ဆိုပါက ထုတ်လုပ်နိုင်မှုစွမ်းအားမှာ တစ်ရက်လျှင် အများဆုံး နို့ဆီဘူး (၁ ဒသမ ၂) သိန်းတန် ၅၀)မှ အနည်းဆုံး နို့ဆီဘူး ၅၅၄၀၀ (၂ တန်) ထုတ်လုပ်နိုင်ကြောင်း၊ ကုန်ကြမ်းအတွက် လိုအပ်သည့် နွားနို့ကို တံတားဦးမြို့နယ်ရှိ နွားနို့အဝယ်ဒိုင်များမှ ဝယ်ယူမည်ဖြစ်ပြီး အခြားကုန်ကြမ်း ပစ္စည်းများကိုလည်း ပြည်တွင်း ဈေးကွက်မှဝယ်ယူသွားမည် ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိခရိုင် ခုနှစ်ခုတွင် ပုဂ္ဂလိက နှင့်သမဝါယမအသင်းများတွင် နို့စားနွားကောင်ရေ ၄၂၄၃ ကောင် မွေးမြူ ထားရှိရာ နေ့စဉ် နွားနို့ကုန်ကြမ်း ပိဿာချိန် ၁၀၉၅၈ ကို ဝယ်ယူရရှိ နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် မန္တလေးနို့ချက် စက်ရုံအား ပြန်လည် လည်ပတ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ပြီး ဈေးနှုန်းသက်သာ၍ သန့်ရှင်းလတ်ဆတ်သော ပြည်တွင်းထုတ် နို့ဆီဘူးများ၊ နို့နှင့် နို့ထွက်ပစ္စည်းများကို ပြည်သူလူထုမှ ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်