နေပြည်တော် အောက်တိုဘာ ၂၉
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ စိမ်းလဲ့တင်ဟိုတယ် အစည်းအဝေးခန်းမ၌ ကျိုက်ထိုမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်များမှမန်နေဂျာများနှင့် ဟိုတယ်နှင့်ခရီးသွား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ပြင်ဆင်ထားရှိ
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ခရီးသွားဧည့်သည်များအနေဖြင့် ကမ်းခြေများနှင့် ခရီးစဉ်ဒေသ အများအပြားသို့သွားရောက် လည်ပတ်နေကြပြီဖြစ်ကြောင်း၊ ခရီးသွားဧည့်သည်များ လာရောက် တည်းခိုရာတွင် အဆင်ပြေ ချမ်းမြေ့ကြရအောင် ပြင်ဆင်ထားရှိရန်နှင့် ခရီးသွား ဧည့်သည်များ၏ ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံမှုရှိသော ဝန်ဆောင်မှုကောင်းများ ပေးအပ်နိုင်ရန်လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ လုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ရုပ်သံဗီဒီယိုဖိုင်ကို ရိုက်ကူး ထားရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ရုပ်သံဗီဒီယိုဖိုင်အား နိုင်ငံပိုင်မီဒီယာများ၊ အစည်းအဝေးများအပြင် ဟိုတယ်များ၏ ဧည့်ခန်းမ၊ အစည်းအဝေးခန်းမ၊ စားသောက်ခန်းမနှင့် အိပ်ခန်းအတွင်းရှိ တီဗီများတွင် ပြသနိုင်ရေးဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ဟိုတယ်ဆိုင်ရာ ဝန်ထမ်းများ အနေဖြင့်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံနိုင်ရန် လိုအပ်ပါကြောင်း၊ ကျိုက်ထိုမြို့အားခရီးသွား ဧည့်သည်များ ကျေနပ်စွာနေထိုင် လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသ ဖြစ်စေရေးအတွက် လုပ်ငန်းရှင်များ၊ ဝန်ထမ်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်မြို့သို့ရောက်ရှိပြီး မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ငွေမိုးဟိုတယ် အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း (မော်လမြိုင်ဇုန်)၊ ဟိုတယ်များမှ မန်နေဂျာများနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ယှဉ်တွဲပြီး ခရီးသွား လုပ်ငန်း ပြန်လည်စတင်ရာတွင် ပြည်တွင်းခရီးစဉ်များကို အဓိကဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် သဘာဝ တောတောင် များနှင့် ရှေးဟောင်းအမွေအနှစ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသအတွင်း ခရီးသွားလုပ်ငန်းများစနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ လုံခြုံစိတ်ချရသော ဟိုတယ်များအဖြစ် နိုင်ငံအဆင့် စိစစ်အသိမှတ်ပြုနိုင်ရန် Health and Safety Protocol Website ကို လျှောက်ထားရန် လိုအပ်ကြောင်း၊ ခရီးသွား ဧည့်သည်များကို ရပ်ရွာလူထုအခြေပြု ခရီးသွား လုပ်ငန်းကဲ့သို့သော ကျေးလက်လူနေမှုဘဝကို လေ့လာနိုင်သည့် ခရီးစဉ်များ ဖော်ထုတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မွန်ပြည်နယ်အနေဖြင့် ရေမြေ တောတောင် သဘာဝအလှများ၊ ဘုရားပုထိုး စေတီများနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ပြီး လည်ပတ်ချင်စရာ ဆွဲဆောင်မှုများ ရှိသည့်အတွက် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေးရှေးရှု၍ အစိုးရ၊ ပုဂ္ဂလိကနှင့်၊ ဒေသခံ ပြည်သူလူထုအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
အသိအမှတ်ပြုလက်မှတ်များပေးအပ်
ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးနိုင်လယီတမက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စစ်ဆေး၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်သည့် ဟိုတယ်များကို Enchanting Myanmar Health & Safety Protocol အစီအစဉ်အရ ဒေသအဆင့် အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ရာ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မော်လမြိုင်ဇုန်) ဥက္ကဋ္ဌက လက်ခံရယူပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ရိုက်ကူးထား ရှိသည့် ကိုဗစ်-၁၉ ဘေးအန္တရာယ် ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်လျက် ရှိသည့် သရုပ်ပြရုပ်သံဗီဒီယိုဖိုင်ကို ပြသခဲ့ကြောင်း သိရသည်။
သတင်းစဉ်