နေပြည်တော် အောက်တိုဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊၂၀၂၁ ခုနှစ် ကထိန်လျာသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယက၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် စိုးတင့်နိုင် ၊ ဦးမောင်မောင်ဝင်း၊ ဦးအေးထွန်း၊ ဦးထွန်းအုံ၊ ဗိုလ်မှူးချုပ်လူမွန်၊ ဦးသန့်စင်၊ ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ ဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီ ဝင်များ၊ ဆပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကို ဖွင့်လှစ်သည်။
အစည်းအဝေးတွင် ဦးစီးကော်မတီ နာယက က ကထိန်လျာသင်္ကန်းဆက်ကပ် လှူဒါန်းခြင်း စတင်ခဲ့သည့် သမိုင်းကြောင်း နှင့်စပ်လျဉ်း၍မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပါဝေယျကတိုင်းသား ရဟန်းတော် များဖြစ်ကြသည့် ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့သည် မြတ်စွာဘုရားရှင် အားဖူးမြော်ရန် သာဝတ္ထိပြည်သို့ ထွက်ခွာလာစဉ် ယူဇနာ ၆၀ အလို သာကေတမြို့အရောက် ဝါဆိုဝါကပ် ခဲ့ရကြောင်း၊ ဝါလကင်းလွတ်သတင်းကျွတ် သည်နှင့်တပြိုင်နက် သာဝတ္ထိပြည်၌ သတင်းသုံးနေတော်မူသော မြတ်စွာဘုရားရှင်အား ဖူးမြော်ရန်အလို့ ငှာထွက်ခွာလာစဉ် လမ်းခရီးတစ်လျှောက် မိုးများ သည်းသည်းမည်းမည်း ရွာသွန်းမှုကြောင့် ရွံ့နွံများ အလိတ်လိတ်ကပ်နေသည့် သင်္ကန်းများ ဖြင့် ဘုရားရှင်ထံ ရောက်ရှိဖူးမြော်ခဲ့ရကြောင်း၊ ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်၏ ပင်ပန်း ဆင်းရဲစွာ လာရောက်ခဲ့ရမှုကို အကြောင်း ပြု၍ဘုရားရှင်က ကထိန်လျာ သင်္ကန်းအလှူခံယူ ခွင့်နှင့်အတူ သင်္ကန်းနှင့်စပ်လျဉ်းသည့် သိက္ခာပုဒ် ၁၀ ပုဒ် တို့ကို ပညတ်ပေးတော်မူခဲ့ သည်ဟု သိရှိရကြောင်း၊ အဆိုပါ သိက္ခာပုဒ်ပညတ်ချက်များအရ ဝါတွင်းသုံးလ အတွင်း မိမိတို့ ဝါဆိုဝါကပ်ရမည့် ကျောင်းတိုက်၌ ပုရိမဝါကာလအတွင်း ဝါဆိုဝါကပ်တော် မူကြသော သံဃာတော်များကိုသာ ကထိန်သင်္ကန်း အလှူခံ သုံးစွဲခွင့်ကို ခွင့်ပြုတော်မူခဲ့သည့်အပြင် ထိုကျောင်းတိုက်ရှိ ကထိန်အနုမောဒနာ ရရှိသော သံဃာတော်များအားလုံး ကထိန်အာနိသင် အကျိုးတရားငါးပါး ရရှိကြကာ ဝိနည်း ပညတ်ချက်ငါးမျိုးကို လိုက်နာစရာ မလိုဘဲ ကထိန် အာနိသင်ရရှိသည့်နေ့မှစ၍ တပေါင်းလပြည့်နေ့ အထိ ၅ လတိုင်တိုင် ကင်းလွတ်ခွင့်ရရှိစေသည်ကို လေ့လာတွေ့ရှိရကြောင်း။
ထိုသို့ထူးခြားသည့် ကထိန်အလှူပွဲကြီးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ ကကြီးမှူး၍ ၂၀၁၂ ခုနှစ်က အစပြုပြီး နေပြည်တော်တွင် ကျင်းပခဲ့သည်မှာ ယခုနှစ် ဆိုလျှင်(၁၀)ကြိမ်မြောက်ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း၊ ယခုနှစ် ကထိန်အလှူခံကျောင်းအဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာ ကျောင်းတိုက်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာမှ ရွေးချယ်ထားပြီး သက်ဆိုင်ရာ ကျောင်းတိုက် ဆရာတော်ကိုလည်း လျှောက်ထား ပြီးဖြစ်သည်ဟု သိရှိရကြောင်း။
အဆိုပါအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးက ကထိန်လျာ သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီကို ဖွဲ့စည်းပေးထားပြီးဖြစ် ကြောင်း၊ လုပ်ငန်း တာဝန်များ စနစ်တကျ ခွဲဝေဆောင်ရွက်နိုင်ရန် ဆပ်ကော်မတီ ၁၁ ခုကိုလည်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထပ်မံ ဖွဲ့စည်းထားပြီး ဖြစ်သည်ကို သိရှိရကြောင်း။
ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ ဒေသခံ ဆရာတော်ကြီးများဖြစ်သည့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီး ၉ ပါး၊ နေပြည်တော်သံဃနာယကအဖွဲ့ ဆရာတော် ၄ ပါး၊ ကထိန်အလှူခံ ကျောင်းတိုက် မှ ဆရာတော် ၅ ပါး စုစုပေါင်းဆရာတော်ကြီး ၁၈ ပါးတို့ကို ပင့်ဆောင်ပြီး ကထိန်လျာ သင်္ကန်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း။
ဆရာတော်ကြီးများ၏ ဆွမ်းကွမ်းကိစ္စရပ်များကိုလည်း ကျန်းမာရေးနှင့်ညီညွတ်မှု ရှိစေ ရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဆပ်ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ကာလဖြစ်သည့်အားလျော်စွာ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်ပါက ချက်ချင်း ဆောင်ရွက်နိုင်အောင် ပြင်ဆင်ထားရန်လိုအပ်မည်ဖြစ်ကြောင်း၊ သံဃာရာမ ကျောင်းဆောင်များတွင် အနောက်တိုင်းဆေးခန်းနှင့် တိုင်းရင်းဆေးခန်းများ ဖွင့်လှစ်ပေးခြင်း၊ သာသနာ့မဟာ ဗိမာန် တော်ကြီး၊ သံဃာရာမကျောင်းဆောင်များနှင့် ဆွမ်းကပ်ဆောင် ပတ်ဝန်းကျင်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ဆေးဖျန်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ထားရန်ဖြစ်ကြောင်း။
အခမ်းအနားကျင်းပပြုလုပ်မည့် သာသနာ့မဟာဗိမာန်တော်ကြီးအတွင်း Social Distancing အရ ၆ ပေအကွာ နေရာ ချထားနိုင်ရေးအပြင် ဘုရားခန်းနှင့် သံဃာစင်မြင့်ကို ကြည်ညိုဖွယ်ဖြစ်အောင် ပြင်ဆင်ထားရန်လိုအပ်မည် ဖြစ်ကြောင်း။
ပဒေသာပင်များကိုလည်း ကြည်ညိုဖွယ်ဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ရန်၊ သာသနာ့မဟာဗိမာန်တော်ကြီးရှိ သတ်မှတ် နေရာသို့ပဒေသာပင်များ အချိန်မီရောက်ရှိရန်နှင့် အခမ်းအနားပြီး၍ ပဒေသာပင်များကို ကျောင်းတိုက်များသို့ ပို့ဆောင် ရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသည် နိုင်ငံတော် အဆင့်အခမ်းအနားဖြစ်သည်နှင့်အညီ စနစ်တကျကျင်းပနိုင်ရေး စီစဉ်ကြရန်နှင့် နှစ်စဉ်ကျင်းပပြုလုပ်နေကျဖြစ်သည့် အတွက် သက်ဆိုင်ရာကော်မတီဝင်များအနေဖြင့် လုပ်ငန်း ကျွမ်းကျင်မှု၊ အတွေ့အကြုံ ရှိပြီးဖြစ်၍ အမှားအယွင်း မရှိ အောင် ဆက်လက်စီမံ ဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ဗဟိုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်အဆင့်အခမ်းအနား ဖြစ်သည့် အတွက် လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ကြရန် အလေးအနက်ထားမှာကြားလိုကြောင်း။
ယနေ့ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့၏ လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ဆွေးနွေးပေးကြရန်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကော်မတီအသီးသီးမှ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးကြ ရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ကျင်းပရေးဉီးစီးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ခုနှစ် ကထိန်လျာသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား အောင် မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေး တင်ပြသည်။
ယင်းနောက် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအေးထွန်း က လုပ်ငန်းကော်မတီက ဆောင်ရွက်မည့် အခြေ အနေများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ဆွမ်းဆက်ကပ်ရေးဆပ်ကော်မတီ၊ သံဃာတော်များပင့်ဆောင်ရေး နှင့် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ အခမ်းအနားကျင်းပရေးနှင့် အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ် ကော်မတီ၊ လှူဖွယ်ပစ္စည်း ပြင်ဆင်ရေးနှင့် ဆက်ကပ်ရေးဆပ်ကော်မတီ၊ ပဒေသာပင်များ စီစဉ်ရေး ဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ၊ သတင်းမှတ်တမ်းထုတ်ပြန်ရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဥပ္ပါတသန္တိ စေတီတော်ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြေရေးနှင့် သာသနာရေးဆိုင်ရာ အခင်းအကျင်းပြင်ဆင်ရေး ဆပ်ကော်မတီနှင့် လုံခြုံရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း ဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်ဝင်း၊ ဗိုလ်မှူးချုပ် လူမွန်၊ ဦးသန့်စင်နှင့် ဒေါက်တာ အေးထွန်းတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အခမ်းအနားကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)