Skip to main content

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂၈


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ  Mr. Anatoly Bulochniov ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ်(၁) အစည်းအဝေးခန်းမ၌  လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်နိုင်မည့် အဓိကနယ်ပယ်များဖြစ်သော လျှပ်စစ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်ရေး၊ ဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍများ၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သံနှင့်ဆက်စပ် ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေးကဏ္ဍအတွက် ဓာတ်မြေဩဇာထုတ်လုပ်မှုလုပ်ငန်း၊ သတင်းအချက်အလက်နည်းပညာ၊ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်တင်ပို့နိုင်သည့်လုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ တွင် ရုရှား စီးပွားရေးလုပ်ငန်းရှင်များလာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။


ထို့နောက် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ က နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့်အတူ စီးပွားရေးဆိုင်ရာကိစ္စရပ်များ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင် ရေး၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများအား အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုကို အလေးထားဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံ အနေဖြင့် Eurasian Economic Union (EAEU) အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံသို့ ရုရှားစီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် နှစ်နိုင်ငံအကြား အကျိုးစီးပွားဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအပါအဝင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးသည်။

 

ဆက်လက်၍ နှစ်နိုင်ငံအကြား ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ်များ အတွက် ညှိနှိုင်းလျက်ရှိသည့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်နေမှု၊ မကြာမီ ကျင်းပမည့် ဒုတိယအကြိမ်မြောက် မြန်မာ-ရုရှား စီးပွားရေး လုပ်ငန်းရှင်များ ဆွေးနွေးပွဲသို့ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းမှ ကိုယ်စားလှယ်လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဉပဒေနှင့်အညီ အကာအကွယ်ပေး ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

(သတင်းစဉ်)