Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဘိလပ်မြေလုပ်ငန်းရှင်များအသင်း ပြန်လည် ဖွဲ့စည်းနိုင်ရေးနှင့် ဘိလပ်မြေစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး ညှိနှိုင်း အစည်းအဝေး တက်ရောက်

နေပြည်တော် အောက်တိုဘာ ၂၈

 

ဘိလပ်မြေလုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းနိုင်ရေးနှင့် ဘိလပ်မြေစက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။

 

 

အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး၊ အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဘိလပ်မြေ ထုတ်လုပ်သည့် လုပ်ငန်းရှင် များ၊ စက်ရုံမှူးများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

 

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ ဘိလပ်မြေလုပ်ငန်းရှင်များ အသင်းအဖွဲ့ (Myanmar Cement Association – MCA) ဖွဲ့စည်းနိုင်ရေးအတွက် အသင်း အဖွဲ့ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာနမှ ထောက်ခံအတည်ပြုခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ဘိလပ်မြေ လုပ်ငန်းရှင်များ အသင်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အဖွဲ့အစည်း ဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ အသစ် ပြန်လည်ဖွဲ့စည်းနိုင်ရေး ဝိုင်းဝန်း အကြံပြု ဆွေးနွေးပေးစေ လိုကြောင်း၊ “ဆောက်လုပ်ရေး လုပ်ငန်းများ အတွက်  လိုအပ်သော ဘိလပ်မြေများကို ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများမှ စက်စွမ်းအားပြည့် လည်ပတ် ၍ အရည်အသွေး ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် ဘိလပ်မြေ ထုတ်လုပ်ရာ တွင် စွမ်းအင်ချွေတာ နိုင်ရန်အတွက် Wet Method မှ Dry Method သို့ ပြောင်းလဲ ဆောင်ရွက်ရန် နှင့် “ပြည်တွင်း ဘိလပ်မြေ လုပ်ငန်းအားအားပေးရမည် ဖြစ်ကြောင်း၊ ပြည်တွင်းဘိလပ်မြေ အရည်အသွေး ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် ပြည်ပဘိလပ်မြေ တင်သွင်းမှုကို လျော့ကျသွား စေရေးဆောင်ရွက် ရန် နိုင်ငံတော်ဝန်ကြီးချုပ် က လမ်းညွှန်မှာ ကြားထားပါကြောင်း။

 

ပြည်တွင်း ဘိလပ်မြေစက်ရုံများအနေဖြင့် စက်ရုံအလိုက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ အတိုင်း ထုတ်လုပ်နေသော်လည်း မြန်မာနိုင်ငံမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်လည်း ကိုက်ညီရန် အရေးကြီးပါကြောင်း၊ ပြည်တွင်းထုတ် ဘိလပ်မြေ များနှင့် ပြည်ပမှ တင်သွင်းလာသည့် ဘိလပ်မြေများ၏ အရည်အသွေးများကို စစ်ဆေးနိုင်ရေး အတွက် ဓာတ်ခွဲခန်းများ ထူထောင်လျက်ရှိပါကြောင်း၊ ထုတ်လုပ်သူ လုပ်ငန်းရှင်များအနေ ဖြင့် ဈေးကွက်ကို မျက်ခြေမပျက် လေ့လာစောင့်ကြည့် နေရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင် များအနေဖြင့် Wet Process သည် စွမ်းအင်ပိုမိုသုံးစွဲရ၍ တစ်ယူနစ်ထုတ်လုပ်မှု စရိတ်မြင့်မား သောကြောင့် စီးပွားရေးတွက်ချေကိုက် မှုရှိအောင် Dry Process ကို ပြောင်းလဲဆောင်ရွက် သင့်ကြောင်း၊ Myanmar Cement Association ဖွဲ့စည်းပြီးပါက ဘိလပ်မြေ ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များ၏ တွေ့ကြုံနေရ သည့် အခက်အခဲများကို ဝိုင်းဝန်ကူညီ ဖြေရှင်းပေးနိုင်ခြင်း၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်း များအတိုင်း ထုတ်လုပ်နိုင်ရေးကြပ်မတ်ပေးနိုင်ခြင်း၊ ဘိလပ်မြေသုံးစွဲသည့် လုပ်ငန်းရှင်/ ပြည်သူ များအား အရည်အသွေးမီပြီး ဈေးနှုန်း သင့်တော်သော ဘိလပ်မြေများကို အသုံးပြုနိုင်စေခြင်း၊ နိုင်ငံတော်အတွက် လိုအပ်သော ဘိလပ်မြေများကို အရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီဖြည့် ဆည်းပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် Myanmar Cement Association တွင် အလွှာ ပေါင်းစုံမှ ကိုယ်စားလှယ်များဖြင့် ပြန်လည်ဖွဲ့စည်းနိုင်ရေး ဝိုင်းဝန်း အကြံပြု သုံးသပ် ဆွေးနွေးပေးရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

 

 

ထို့နောက် တက်ရောက်လာသူများက စက်ရုံအလိုက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေ သည့် အခြေအနေ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ Myanmar Cement Association ဖွဲ့စည်းနိုင်ရေးအတွက် ဝိုင်းဝန်းအဆိုပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။

 

 

(သတင်းစဉ်)