Skip to main content

ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးသည် အရေးကြီးသောလုပ်ငန်းစဉ် တစ်ခုဖြစ်

နေပြည်တော် အောက်တိုဘာ ၂၈

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပသော ဦးစီးရုံးချုပ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ရေရှည် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်း ရေး လုပ်ငန်းများကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး သည် အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ လက်ရှိပစ္စုပ္ပန်တွင် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်း မွန်သော ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ရန်နှင့် အနာဂတ်မျိုးဆက်သစ်များ အတွက် လက်ဆင့်ကမ်း ပေးနိုင်ရန် သဘာဝ ပတ်ဝန်းကျင်၊ သယံဇာတ အရင်းအမြစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေးသည်ဌာန၏ အဓိကတာဝန်တစ်ရပ်ဖြစ်ကြောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် နှစ်စဉ်ရင်ဆိုင်ကြုံတွေ့ နေရသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် စိန်ခေါ်မှုများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဖြေရှင်း ဆောင်ရွက် သွားရ မည်ဖြစ်ကြောင်း။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထိရောက်စွာ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မ လုပ်ငန်းအစီအစဉ်၊ စွန့်ပစ် ပစ္စည်းဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များ ကို ထုတ်ပြန်ထားပြီး သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်၍ ရလဒ်ကောင်းများ ရရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပတ်ဝန်းကျင်လေထု၊ ရေထုအရည် အသွေးကို သိရှိရန်နှင့် ပတ်ဝန်းကျင် အရည်အသွေး စံချိန်စံညွှန်းများ ရေးဆွဲနိုင်ရန်အတွက် အချက် အလက်များကို အဆက်မပြတ် တိုင်းတာရယူပြီး ရလဒ်များကို ပုံမှန်ထုတ်ပြန်ပေးသွားရန် လိုကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် အတည်ပြုထုတ်ပြန် ပြီးသည့် EIA / IEE / EMP အစီအမံများအပေါ် တိကျစွာ လိုက်နာဆောင်ရွက်ရန် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပင်လယ်သမုဒ္ဒရာထဲသို့ ရောက်ရှိလာ သည့် ပလတ်စတစ်နှင့် စွန့်ပစ်အမှိုက်များ၏ ၈၀ ရာခိုင်နှုန်းသည် ကုန်တွင်းပိုင်းမှ ဝင်ရောက် နေခြင်းဖြစ်သည့် အတွက် ပလတ်စတစ်နှင့်အမှိုက်စွန့်ပစ်မှုကို စည်းကမ်း တကျဖြစ်စေရန် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အာဆီယံ နိုင်ငံများတွင် ပွင့်လင်းရာသီများ၌ မီးနှင့်ပတ်သက်၍ ကြုံတွေ့ရသော နိုင်ငံအလိုက် Hotspot ဖြစ်ပွားမှုတွင် မြန်မာနိုင်ငံ အနေဖြင့် Hotspot ဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဌာနရည်မှန်းချက်၊ တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် ပေါင်းစပ် ဆောင်ရွက်သွား ရန်မှာကြားသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပြီး၊ တိုင်းဒေသကြီး/ပြည်နယ်တို့မှ တာဝန်ခံများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)