Skip to main content

မသန်စွမ်းအဖွဲ့အစည်းများကို ဖွဲ့စည်းဆောင်ရွက်သွားမည်

နေပြည်တော် အောက်တိုဘာ ၂၇  

မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များအတွက် ရှေ့ပြေးအစီအစဉ်များဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးဒေါက်တာသက်သက်ခိုင် က မသန်စွမ်းမှုအဆင့် သတ်မှတ် ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှေ့ပြေးလုပ်ငန်းအစီ အစဉ်များစတင်အကောင်အထည် ဖော်ဆောင်ရွက်ကြရာတွင် မိမိတို့ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်း ဆောင်ရွက်ကြမည့် ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊  မသန်စွမ်း အဖွဲ့အစည်းများ၊  စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၏ ညှိနှိုင်းပူးပေါင်း ပါဝင်မှုများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူ များ၏ အခွင့်အရေးဥပဒေ (၂၀၁၅) နှင့် မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအရ မသန်စွမ်းသူများ၊ ၏အခွင့်အရေးများကိုအပြည့်အဝ ခံစားရရှိရေးအတွက် အရေးကြီးပြီး အဓိကလိုအပ်သော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ကနဦး သတ်မှတ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့၊ ကရင်ပြည်နယ် ဘားအံ မြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး အဆင့်လိုက် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ခြင်း၊ မြို့နယ်နှင့် ခရိုင်အဆင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မသန်စွမ်း အဖွဲ့အစည်းများကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း  လုပ်ငန်းစဉ်သည် ယခင်ဆောင်ရွက်ခဲ့သည့် Early Childhood Intervention (ECI) လုပ်ငန်းစဉ်များနှင့် ဆက်စပ်ပါကြောင်း၊ ရှေ့ပြေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် မသန်စွမ်းအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ဆောင်ရွက် ပြီးမှသာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ နှစ် စီမံကိန်းကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြန်လည် ထူထောင်ရေးဦးစီးဌာန ထိခိုက်လွယ်အုပ်စုများဌာနခွဲ၊ ညွှန်ကြားရေးမှူး က မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်း စီမံချက်ကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

သတင်းစဉ်