နေပြည်တော် အောက်တိုဘာ ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် ငွေကျပ်သိန်း ၂,၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ လားရှိုး-တန့်ယန်းသွားကားလမ်း၊ ခါးသျှိကျေးရွာအနီးတွင် မိုင်းရယ်မှ လားရှိုးဘက်သို့ ဇော်ဦး (၃၄)နှစ် မောင်းနှင်လာသည့် LIFAN ၆ ဘီး မြေသယ်ယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၂,၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၆ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများကို မိုင်းရယ်မြို့နယ်မှ မန်တုံမြို့နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)