နေပြည်တော် အောက်တိုဘာ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် ဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာ- ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်သော် (အငြိမ်းစား) တို့ တက်ရောက်ကြပြီး ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်း၌ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့များ၊ ဘိလပ်မြေနှင့် သံမဏိထုတ်လုပ်ရေး၊ ဓာတ်မြေဩဇာများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာနှင့် ရင်းနှီးမြှုပ် နှံမှုဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးနှင့် လျှပ်စစ်ဓာတ်အားအသုံးပြု၍ အများပြည်သူ ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်မည့်အခြေအနေ၊ နှစ်နိုင်ငံအကြား သွားလာမှုအဆင်ပြေစေရန်အတွက် တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရေးအခြေအနေ၊ နှစ်နိုင်ငံစီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသာမက ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ် များတွင်လည်း ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)