Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့်အညီ ဆက်လက်စစ်ဆေး

နေပြည်တော်   အောက်တိုဘာ   ၂၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ဌ) တွင် ပြဋ္ဌာန်းထားသော “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း ” ဆိုသည့် တာဝန်နှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်း ခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင် ဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ ဌာနဆိုင်ရာကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေး အဖွဲ့သည် ကချင်ပြည်နယ် အခြေစိုက်ဖြစ်ကြသော လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) [ LISU NATIONAL DEVELOPMENT PARTY ( L.N.P.D ) ] နှင့် ဒီမိုကရေစီပါတီသစ်(ကချင်) [New Democracy Party (Kachin)] [N.D.P (Kachin)] တို့ကို အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်အထိလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်း ဦးဆောင် ပြီးစာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာကိုယ်စားလှယ်များ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ရခိုင်ပြည်နယ်အခြေစိုက် ဖြစ်သော ရခိုင့်ဦးဆောင်ပါတီ [Arakan Front Party(AFP)] ကို အောက်တိုဘာ ၉ ရက်မှ ၁၂ ရက်အထိလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦး ဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာကိုယ်စားလှယ်များ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ရခိုင်ပြည်နယ် အခြေစိုက်ဖြစ်သော ရခိုင်အမျိုးသားပါတီကို အောက်တိုဘာ  ၉ ရက်မှ ၁၃ ရက်အထိလည်းကောင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)