Skip to main content

ရုရှား-မြန်မာ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှုများ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည် မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ရန်ကုန် အောက်တိုဘာ ၂၆

ရုရှား - မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း (RMFAC) နှင့် မြန်မာ -ရုရှားစီးပွားရေး ဖွံ့ဖြိုးမှု အသင်း(MRBDA)တို့၏ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှုများ ပူးပေါင်း ဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှု စာချွန်လွှာရေးထိုးခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ ကျင်းပရာ ရုရှား - မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ အန်နာသိုလီ ဘူလော့ချ နိကော့ နှင့် ရုရှားနိုင်ငံမှ စီးပွားရေးဆိုင်ရာ တာဝန်ရှိကိုယ်စားလှယ်များ၊ မြန်မာ - ရုရှား စီးပွားရေး ဖွံ့ဖြိုးမှုအသင်း ဥက္ကဋ္ဌ ဦးသန်းဇော်နှင့် အလုပ်အမှု ဆောင် အဖွဲ့ဝင်များ တက်ရောက်သည်။

အခမ်းအနားတွင် ရုရှားမြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုအသင်း၊ ဒုတိယ ဥက္ကဋ္ဌက “မြန်မာနိုင်ငံကို အဓိက လာရောက်ရခြင်းမှာ နှစ်နိုင်ငံ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးရင်းနှီး မြှုပ်နှံမှုများအတွက် အပြန်အလှန် ဘဏ္ဍာရေးအစီအမံများ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံမှလည်း ဘဏ္ဍာရေးဆိုင်ရာစီမံမှုအတွက် အထောက်အပံ့ရရှိ ထားပြီးဖြစ်ကြောင်း၊ မြန်မာ နိုင်ငံဘက်မှလည်း အလားတူ အထောက်အပံ့ရရှိမည်ဟု မျှော် လင့်ပါကြောင်း ပြောကြားသည်။ 

အကျိုးတူ ပူးပေါင်းဆောင်ရွက်

ထို့နောက် မြန်မာ-ရုရှား စီးပွားရေးဖွံ့ဖြိုးမှု အသင်း ဥက္ကဋ္ဌက ရုရှားနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များကို ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အသင်း အနေဖြင့် စုစည်းပြီးတော့ မိမိတို့ နှင့် စီးပွားရေးကဏ္ဍများ တိုးတက် လုပ်ဆောင်နိုင်အောင် စီမံဆောင် ရွက်ပေးရန် မေတ္တာရပ်ခံပါကြောင်း၊ နှစ်နိုင်ငံ စီးပွားရေး ဆိုင်ရာ ကဏ္ဍအသီးသီးတွင် လုပ်ငန်းများ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် စီးပွား ရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လိုကြောင်း ပြောကြားသည်။

လက်မှတ်ရေးထိုး

ယင်းနောက် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင် ရွက်မှုအသင်း၏ဒုတိယဥက္ကဋ္ဌနှင့် မြန်မာ - ရုရှား စီးပွားရေးဖွံ့ဖြိုးမှု အသင်း၏ ဥက္ကဋ္ဌတို့က ရုရှားမြန်မာနှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ သဘောတူနားလည် မှု စာချွန်လွှာအား အပြန် အလှန် လက်မှတ်ရေးထိုးကြသည်။

ယခုရေးထိုးသော နားလည်မှု စာချွန်လွှာသည် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုများ ဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေး  ကဏ္ဍ၊ ဘဏ္ဍာရေးနှင့် ဘဏ် လုပ်ငန်းဆိုင်ရာ အတူတကွ ပူးပေါင်း ဆောင်ရွက်ရေး ကဏ္ဍ၊လျှပ်စစ်နှင့် စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ကဏ္ဍ၊ သတ္တုလုပ်ငန်း ဆိုင်ရာ ကဏ္ဍ၊ ခရီးသွားလာရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍများ စသည့် ကဏ္ဍများကို နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အသင်းများအကြား ကုန်သွယ်မှုများတိုးမြှင့် အကောင်အထည် ဖော်ရန်အတွက် အကြိုညှိနှိုင်း သဘောတူရေးထိုး ကြသော နားလည်မှု စာချွန်လွှာ ဖြစ်ကြောင်း သိရသည်။

 သတင်းစဉ်