Skip to main content

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ရက်တိုးမြှင့်ဖိတ်ခေါ်

 

နေပြည်တော် အောက်တိုဘာ ၂၆ 

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “လှပသာယာ ပြည်မြန်မာ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို မည်သူမဆို ပါဝင်ယှဉ်ပြိုင် နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ အေးချမ်း တည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေး ကြိုးပမ်း မှု၏ ထင်ရှားသည့်သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပြိုင်ပွဲဝင်ဓာတ်ပုံများသည် မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံများသာ ဖြစ်ရမည်။ မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်ပါသည်။ ပြိုင်ပွဲဝင်ဓာတ်ပုံ အရွယ်အစားမှာ ၁၀ လက်မ x ၁၅ လက်မ အရွယ်အစားတစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက် အကန့်အသတ်မရှိ ယှဉ်ပြိုင်နိုင်ပြီး Hard Copy နှင့် Soft Copy (CD) ကိုတစ်ပါတည်းပူးတွဲပေးပို့ရမည် ဖြစ်ပါသည်။ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသော ဓာတ်ပုံများနှင့် ပြည်တွင်းပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည့် ဓာတ်ပုံများ၊ ပုံနှိပ်ထုတ်ဝေပြီးသော ဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသော ဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင်ခွင့်မပြုပါ။ ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုများ၌ အသုံးပြုခြင်းကို သဘောတူခွင့်ပြုရမည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများတွင် ပြိုင်ပွဲဝင်သူအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ၏ အကြောင်းအရာ၊ ရိုက်ကူးသည့်နေရာဒေသတို့ကို ဓာတ်ပုံများ၏ နောက်ကျော၌ သီးခြားစက္ကူဖြင့် ရေးကပ်၍ ပူးတွဲပေးပို့ရမည်။

ပြိုင်ပွဲဝင် ဓာတ်ပုံများကို ၃၁-၁၀-၂၀၂၁ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပေးပို့ရန် ဖိတ်ခေါ်ထားမှုအစား ရက်တိုးမြှင့်သတ်မှတ် ၍ ၃၀-၁၁-၂၀၂၁ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး ဦးမြင့်ဆွေ၊ ညွှန်ကြားရေးမှူး (ထုတ်လုပ်)၊ ထုတ်လုပ်ရေးဌာနခွဲ (ရန်ကုန်)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် (၂၂၈)၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၃၇၁၃၄၂၊  ၀၁-၈၂၀၁၉၃၆ တို့သို့ဆက်သွယ်ပေး ပို့ရမည်ဖြစ်ကြောင်းနှင့် ယင်းနေ့ထက်ကျော်လွန်၍ ပေးပို့လာသော ဓာတ်ပုံများအား ပြိုင်ပွဲဝင်ဓာတ်ပုံ အဖြစ် လက်ခံမည်မဟုတ်ကြောင်း သိရသည်။

သတင်းစဉ်