သတင်းထုတ်ပြန်ချက်
အာဆီယံအစည်းအဝေးများ အားလုံးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်တူ၊ တန်းတူတက်ရောက်ရန် အာဆီယံပဋိညာဉ်စာတမ်းမှ ပြဋ္ဌာန်းထားသည်ဖြစ်ရာ၊ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် (၃၈) ကြိမ်မြောက်နှင့် (၃၉)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ အခြားအာဆီယံနိုင်ငံများ နည်းတူ အဆင့်တူ ကိုယ်စားပြု တက်ရောက်ရန် အခွင့်အရေးအပြည့်အဝရှိပါသည်။
သို့သော် အဆိုပါအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် တက်ရောက်ရန် လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖိတ်ကြားလာခြင်းသည် အာဆီယံ ပဋိညာဉ်စာတမ်းနှင့် မကိုက်ညီသကဲ့သို့၊ အာဆီယံ၏ လုပ်ထုံးလုပ်နည်းနှင့် အစဉ်အလာမှလည်း သွေဖည်နေပါသည်။ ထို့အပြင် အစည်းအဝေး တက်မည့် မြန်မာကိုယ်စားလှယ်၏ အဆင့်အတန်းကိုနှိမ့်ပြီး ဖိတ်ကြားခြင်းနှင့် အစည်းအဝေးများ၌ ဆွေးနွေးရာတွင် ကန့်သတ်မှုများထားခြင်းသည် အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်-၅ နှင့်လည်း ကိုက်ညီမှု မရှိကြောင်း တွေ့ရပါသည်။
သို့ဖြစ်ပါ၍ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် (၃၈) ကြိမ် မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေး များသို့ နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့ အကြီးအကဲ သို့မဟုတ် နိုင်ငံအကြီးအကဲကို ကိုယ်စားပြုမည့် ပြည်ထောင်စုဝန်ကြီးအဆင့် ပုဂ္ဂိုလ်က ပါဝင်တက်ရောက်နိုင်ရေးကိုသာ မြန်မာနိုင်ငံက လက်ခံမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနသို့ အကြောင်းပြန်ထားပြီး ဖြစ်ပါသည်။
အာဆီယံအစည်းအဝေးများ တက်ရောက်ရာတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုကိစ္စနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နှင့် မြန်မာနိုင်ငံတို့အကြား အမြင်မတူမှုများ၊ အာဆီယံ ပဋိညာဉ်စာတမ်းပါ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်အချို့အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက် ကွဲလွဲမှုများကို ဖြေရှင်းနိုင်ရန်အတွက်လည်း အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အာဆီယံပဋိညာဉ်စာတမ်း၏ နောက်ဆက်တွဲသဘော တူညီချက်များနှင့်အညီ မြန်မာနိုင်ငံက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်