Skip to main content

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ရှေးရှု

မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ဘရူနိုင်းနိုင်ငံ၏ အောက်တို ဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အပေါ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနကသဘောထား တုံ့ပြန် သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ကြေညာချက်သည် အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်လျက်ရှိသည်။

အာဆီယံပဋိညာဉ် အပိုဒ် ၂၀ (ခ) တွင် “ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဆွေးနွေးတိုင်ပင်ခြင်းနှင့် တူညီဆန္ဒကို အခြေခံရမည်” ဆိုသည့်အချက်၊ အပိုဒ် (၈) (၂) (က) တွင် “အာဆီယံပေါင်းစပ် ညှိနှိုင်းရေး ကောင်စီသည် ဖိတ်ကြားရေးကိစ္စ အပါအဝင် အာဆီယံထိပ်သီးအစည်းအဝေးကိစ္စများကို ပြင်ဆင်လုပ်ဆောင်ရမည်” ဆိုသည့်အချက်၊ အပိုဒ် (၂) (က)၊ (င)နှင့် (စ)တွင် “အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို လေးစားရန်၊ ပြည်တွင်းရေးမစွက်ဖက်ရန်နှင့် အဖွဲ့ဝင်နိုင်ငံ များ၏ အမျိုးသားရေးတည်ရှိမှုကို ပြင်ပမှမစွက်ဖက်ရေး” မူများ ချမှတ်ထားသည်။ ထိုသို့ ကောင်းမြတ်သည့် အစဉ်အလာများနှင့် အစဉ်အဆက်ရပ်တည်လုပ်ကိုင်ခဲ့သော အာဆီယံအဖွဲ့သည် ယခုအချိန်အခါ၌ ဖော်ပြပါအခြေခံမူများကို ဆန့်ကျင်နေကြောင်း တွေ့ရသည်။

၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်၏ ထိုကာလကအခြေအနေ၊ ရှေ့ဆက် လုပ်ဆောင်မည့်လုပ်ငန်းရပ်များ၊ ရပ်တည်ချက်၊ သဘောထား များကို အစည်းအဝေးတွင် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပြီးဖြစ်သည်။ အစည်းအဝေးတွင် နိုင်ငံတော် ဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် ကိုယ်စားပြုသူ များအား အချက်သုံးချက်ကို အလေးထားပြောကြားခဲ့သည်။ မိမိတို့ နိုင်ငံအပေါ် ပေးအပ်ခဲ့သည့် အကြံပြုချက်များကို ပြည်တွင်း၌ လတ်တလောဖြစ်ပျက် နေသည့်အခြေအနေများနှင့်ဆက်စပ်၍ အလေးပေးထည့်သွင်းစဉ်းစားသွားမည်။ မိမိတို့အနေဖြင့် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုအပေါ် မူတည်ပြီး အာဆီယံ၏ အဆိုပြုချက်များ၊ ခရီးစဉ်များကို စဉ်းစားသွားပါမည်။ အာဆီယံ၏ အပြုသဘော ပါဝင် ကူညီပံ့ပိုးပေးလိုမှုနှင့်စပ်လျဉ်း၍လည်း အာဆီယံပဋိညာဉ်၊ အာဆီယံလမ်းစဉ်၊ အာဆီယံစိတ်ဓာတ်အပေါ် အခြေခံမည်ဆိုပါက နိုင်ငံကောင်းကျိုးအတွက် စဉ်းစားပေးမည် ဆိုသည့်အချက် သုံးချက်ကို အာဆီယံအနေဖြင့် ပြန်လည်သတိရသင့်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများ၏ အဖွဲ့အစည်းများအတွင်း၌ CRPH NUG အကြမ်းဖက်အဖွဲ့ အစည်းများကို ထောက်ခံအားပေးပြီး မြန်မာနိုင်ငံအပေါ် ဖိအားအမျိုးမျိုးပေးလျက် ရှိသည်။ ယခုအခါတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲ ရပ်တည်နေထိုင်လျက်ရှိသော အာဆီယံအဖွဲ့ အစည်းကြီးအတွင်း အနောက်အင်အားကြီးနိုင်ငံ အချို့က ဖိအားအမျိုးမျိုးပေးလာခဲ့ရာ မူလအစကတည်းက စည်းလုံးညီညွတ်စွာဖြင့် အတူတကွ လက်တွဲပူးပေါင်းရပ်တည်ခဲ့သော အာဆီယံအဖွဲ့ အတွင်း၌လည်း သဘောထား အမြင်များ ပြောင်းလဲ သွားခဲ့သည်။ အာဆီယံပဋိညာဉ်မူများကို ဖောက်ဖျက်လာခဲ့ သည်ကိုတွေ့ရသည်။ ဤသို့အာဆီယံမှုကို ဖောက်ဖျက်သည်မှာလည်း အာဆီယံ နိုင်ငံအားလုံးနှင့် သက်ဆိုင်ခြင်းမရှိဟု ဆိုချင်သည်။ ယခု မြန်မာနိုင်ငံနှင့်ပတ်သက် သည့်ကိစ္စတွင် နောက်ကွယ်မှ အင်အားကြီးအုပ်စု အချို့၏ နိုင်ငံရေးဖိအားများကို မလွန်ဆန်နိုင်၍လည်းကောင်း၊ နိုင်ငံရေးမူဝါဒနှင့် အပေါင်းပါနိုင်ငံတူ ဖြစ်နေ၍ လည်းကောင်း အစဉ်အလာကောင်းသည့် အာဆီယံမူ၊ ပဋိညာဉ်များကို ဆန့်ကျင်ခဲ့ သည်ဟု ဆိုနိုင်သည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစတင်၍ ယနေ့ထိတိုင် အဖွဲ့ဝင်နိုင်ငံအဖြစ် သစ္စာရှိစွာရပ်တည်လျက် ရှိသည်။ ယခုအခါ အင်အားကြီးနိုင်ငံအချို့၏စွက်ဖက်မှု များကြောင့် အာဆီယံ၏ပဋိညာဉ်စာတမ်းမှ နိဒါန်းစာပိုဒ်တွင် ပါဝင်သည့် “တစ်ခု တည်းသောအမြင်၊တစ်ခုတည်းသောအသွင်လက္ခဏာ တစ်ခုတည်းသောကောင်းတူ ဆိုးဘက် “အသိုက်အဝန်း” ဟူသည့် သဘောထားရည်မှန်းချက်နှင့် စည်းလုံး ညီညွတ်မှု၊ တူညီသောဆန္ဒနှင့် စုပေါင်းစိတ်ဆုံးဖြတ်မှုတို့ဖြင့် ပေါင်းစည်းကြမှု” ဟူသည့် ကောင်းမြတ်သောစိတ်ဆန္ဒရည်မှန်းချက်များကို ချိုးဖဲ့ဖျက်ဆီးရာ ရောက်နေကြောင်း ဝမ်းနည်းဖွယ် တွေ့မြင်ရသည်။

မည်သို့ပင်ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွ ပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမှုကို စောင့်ထိန်းသည်” ဆိုသည့် နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်လက်လိုက်နာဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း။