Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၇၆) နှစ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်

ကုလသမဂ္ဂဖွဲ့စည်းတည်ထောင်သည့် (၇၆)နှစ်မြောက် အခါသမယတွင် လှိုက်လှဲစွာ ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်ကိုယ်စား ဆုတောင်းမေတ္တာပို့သ အပ်ပါသည်။ ယနေ့လူသားတို့၏ လိုအပ်ချက်များကို အမှန်တကယ် ထင်ဟပ်စေသည့် ကုလသမဂ္ဂအဖွဲ့ကြီး၏ ရည်မှန်းချက်များကို ပိုမိုအကောင်အထည်ဖော်နိုင်ပါစေကြောင်းလည်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

လွန်ခဲ့သည့် (၇၆) နှစ်က ကမ္ဘာမြေငြိမ်းချမ်းသာယာရေးနှင့် လုံခြုံမှုရှိစေရေးတို့အတွက် မြင့်မြတ်သောရည်ရွယ်ချက်များဖြင့် ကုလသမဂ္ဂကို ဖွဲ့စည်းတည်ထောင်ခဲ့ရာ သမိုင်းတွင်စေ ခဲ့ပါသည်။ ကမ္ဘာကြီး၏ ခက်ခဲရှုပ်ထွေးသော အခြေအနေ အရပ်ရပ် ပေါ်မူတည်၍ အဖွဲ့အစည်း၏ ရည်ရွယ်ချက်များ တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲကောင်းပြောင်းလဲနိုင်သော်လည်း အဖွဲ့အစည်း၏ အဓိကတန်ဖိုးဖြစ်သော “မတူကွဲပြားမှုများကြားမှ စည်းရုံးမှုရယူ၍ ငြိမ်းချမ်း သော၊ တရားမျှတသော၊ သာယာဝပြောသော ကမ္ဘာကိုဖန်တီးရန်” ရည်ရွယ်ချက်မှာ မပြောင်းလဲဘဲတည်ရှိပါသည်။

ကြောက်မက်ဖွယ် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးသည်လည်း ယင်းကမ္ဘာ့ စိန်ခေါ်မှုအား ရင်ဆိုင် ဖြေရှင်းရာတွင် နိုင်ငံများအကြား ပိုမိုခိုင်မာသည့် စည်းလုံးညီညွတ်မှုရှိရန် လိုအပ်ကြောင်းကို ပြသလျက်ရှိသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့် “မျှော်လင့်ချက်ဖြင့် ကြံ့ခိုင်မှုရှိစေရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါမှ ပြန်လည်နာလန်ထူထောင်ရန်၊ ရေရှည် တည်တံ့စွာ ပြန်လည်တည် ဆောက်ရန်၊ ကမ္ဘာမြေ၏ လိုအပ်ချက်များကို တုံ့ပြန်ရန်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းကို ပြန်လည်ရှင်သန် တက်ကြွစေရန်” ဟူသော ဆောင်ပုဒ်သည် ယနေ့ခေတ်ကမ္ဘာကြီး၏ လက်တွေ့အခြေအနေကို ထင်ဟပ်ကာ လျော်ကန်မှုရှိပါသည်။ ကုလသမဂ္ဂအနေဖြင့် နိုင်ငံများအကြား စည်းလုံး ညီညွတ်မှုကို အားဖြည့်ပေးရန်နှင့် အားလုံးပါဝင်နိုင်သည့် နိုင်ငံတကာ အခင်းအကျင်းများ ဖြစ်စေရန် ဆောင်ရွက်ရမည့် အချိန်ကောင်း ဖြစ်ပါသည်။ ထိုနည်းလမ်းများဖြင့်သာ လူသားတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုအပ်ချက်နှင့် လိုလားချက်များကို အကောင်းဆုံးဖြည့်ဆည်း ထိန်းညှိပေးနိုင်ပြီး မိမိတို့၏ ကလေးငယ်များနှင့် အနာဂတ် မျိုးဆက်သစ်များ အတွက် စည်ပင်သာယာ၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်ပါသည်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကူးစက်ပြန့်ပွားမှုသည် မြန်မာနိုင်ငံကိုလည်း ခြွင်းချက်မထားခဲ့ဘဲ ယခုနှစ် ဇူလိုင်လ တတိယလှိုင်းတွင် ထိခိုက်မှုပိုမိုပြင်းထန်ခဲ့ပါသည်။ အခြားနိုင်ငံများတွင် ဖြစ်ပွားနေကြသကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ပြင်းထန်ဆိုးရွားသည့် နောက်ဆက်တွဲ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် ထိခိုက်နစ်နာခဲ့ပြီး ရေရှည် လူမှုစီးပွား အကျိုးဆက်များလည်း ဖြစ်ပေါ်နိုင်ပါသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကပ်ရောဂါ၏ အကျိုးဆက်များကို ခံစားနေရသည့် ပြည်သူလူထုအတွက် အသက်ကယ်ဆယ်ရေးလုပ်ငန်းများ လွယ်ကူချောမော စေရန် ကြိုးပမ်းဆောင်ရွက် နေသကဲ့သို့ တစ်ဖက်တွင်လည်း အချို့ နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အဟန့်အတား၊ အနှောင့်အယှက်များကြားမှ မြန်မာနိုင်ငံအား မူလအခြေအနေနှင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ပြန်လည်ရောက်ရှိစေရန် နိုင်ငံ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်လျက် ရှိပါသည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရေး မြန်မာနိုင်ငံ၏ ကတိကဝတ်နှင့် အညီ တပ်မတော်က ယာယီအပစ်အခတ်ရပ်စဲရေးကို ၂၁-၁၂-၂၀၁၈ ရက်မှ ယနေ့ထိတိုင်အောင် အကြိမ်(၂၀)အထိ တိုးမြှင့် သတ်မှတ်ခဲ့ပါသည်။

ထို့အတူ တပ်မတော်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကမ္ဘာလုံး ဆိုင်ရာအပစ်အခတ် ရပ်စဲရေး တောင်းဆိုချက်ကို ထောက်ခံအားပေးခဲ့ပြီး စစ်ဆင်ရေးလှုပ်ရှားမှုများကို ၁-၉-၂၀၂၀ ရက်မှစ၍ ရပ်ဆိုင်းထားခဲ့ပါသည်။ ပြီးခဲ့သည့် ၂၇-၉-၂၀၂၁ ရက်တွင်လည်း တပ်မတော်က ယာယီအပစ်အခတ် ရပ်စဲရေးကာလကို ၁-၁၀-၂၀၂၁ ရက်မှ ၂၈-၂-၂၀၂၂ ရက်အထိ ငါးလကြာအောင် တိုးမြှင့်ရန် ကြေညာချက်တစ်ရပ် ထပ်မံထုတ်ပြန်ခဲ့ပါသည်။

ထိုသို့သော အခြေအနေမျိုး၌ အပြန်အလှန်လေးစားမှု၊ မျှတမှုနှင့် ဘက်မလိုက်မှုစံနှုန်းများအပေါ် အခြေခံ၍ ပွင့်လင်းမှုရှိပြီး အားလုံးပါဝင်နိုင်သည့် နည်းလမ်းဖြင့် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် စုပေါင်းအင်အား ရယူနိုင်ရန် ကုလသမဂ္ဂအဖွဲ့ကြီးသည် မိမိတို့ အားလုံးအတွက် မျှော်လင့်ချက် သင်္ကေတဖြစ်ပါသည်။ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူညီမျှမှု၊ ဘက်မလိုက်မှုနှင့် ဓမ္မ ဓိဋ္ဌာန်ကျမှု မူဝါဒများကို ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင် အတိအလင်း ထည့်သွင်းထားပါသည်။

သို့ဖြစ်ရာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု မူဝါဒအပေါ် သံသယများကြီးထွားလာချိန်တွင် ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် အထက်ပါ မြင့်မြတ်သောစံနှုန်းများကို နိုင်ငံအားလုံးအပေါ် နိုင်ငံရေးရည်ရွယ်ချက်မရှိဘဲ  တစ်ပြေးညီ ကျင့်သုံးရန် အလွန်အရေးကြီးပါသည်။ ထို့အပြင် ကုလသမဂ္ဂအနေဖြင့် ၎င်း၏တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ ရှားပါးသော အရင်းအမြစ်များကို ခွဲဝေရာတွင်လည်းကောင်း အထိရောက်ဆုံးဖြစ်စေရန် လိုအပ်ပါသည်။ ကုလသမဂ္ဂအဖွဲ့အနေဖြင့် ကမ္ဘာ့ပြည်သူများ၏ မျှော်လင့်ချက် မီးရှူးတန်ဆောင် အဖြစ်ရှိသင့်ပြီး ပဋိညာဉ်စာတမ်းမှ အပ်နှင်းထားသော တာဝန်များကို ကုလသမဂ္ဂအဖွဲ့ကြီးက ကောင်းမွန် ဖြောင့်မတ်စွာ ထမ်းဆောင်နိုင်ရေးအတွက် မိမိတို့လူသားများအနေဖြင့် စည်းလုံး ညီညွတ်စွာ အထောက်အကူပြု သင့်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်မှန်းချက်နှင့်မူဝါဒများကို အခိုင်အမာ ယုံကြည်ပြီး မိမိတို့လူသားများ အားလုံးအတွက် ကျန်းမာချမ်းသာကြွယ်ဝ၍ တိုးတက်ရှင်သန် သော ကမ္ဘာကြီးတစ်ခု တည်ဆောက်နိုင်ရေးအတွက် ကုလသမဂ္ဂ၏ အပြုသဘောဆောင် ကြိုးပမ်းအားထုတ်မှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြု အပ်ပါသည်။