နေပြည်တော် အောက်တိုဘာလ ၂၃
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မည့်အခြေအနေ ရှိပါက ကျောင်းသား၊ ဆရာ၊ မိဘများ စိတ်အေးချမ်းသာစွာဖြင့် စာပေပညာသင်ကြားနိုင်ရေး၊ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ နေပြည်တော်ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်ခန်းမ၌ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှု အခြေအနေများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဉက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ညွှန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ သက်သက်ခိုင်နှင့် နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် တို့လိုက်ပါ၍ သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား Mask များ အခမဲ့ ပေးဝေခဲ့ပြီး ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသူများအား ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြား ထုတ်ပေးနိုင်ရန်အတွက် QR Code စနစ်ဖြင့် ဆောင်ရွက်ထားသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါမင်္ဂလာဗျူဟာခန်းမတွင် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာလ ၁၂ ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား စတင်ထိုးနှံပေးလျက်ရှိပြီး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၁၁၅၅၆ ဉီးအား ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ရာ ယနေ့အထိ ၃၈၁၄ ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်းနှင့် ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်