အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးကို ၁၅-၁၀-၂၀၂၁ ရက်တွင် ကျင်းပခဲ့ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက အဆိုပါ အစည်းအဝေးနှင့်ပတ်သက်၍ ကြေညာချက်ကို ၁၆-၁၀-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး(၂)သည် ၁၈-၁၀-၂၀၂၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ လည်းကောင်း၊ ၁၉-၁၀-၂၀၂၁ ရက်နေ့တွင် ဘရူနိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာဘက်သို့ သံတမန်လမ်းကြောင်းမှ လည်းကောင်း၊ ၁၅-၁၀-၂၀၂၁ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးတွင် သဘောတူဆုံးဖြတ်ခဲ့သည့် ကိစ္စကိုလည်းကောင်း ဖော်ပြခဲ့ပါသည်။
ထိုသို့ဖော်ပြပြီးနောက် ၂၆-၁၀-၂၀၂၁ ရက်နေ့မှ ၂၈-၁၀-၂၀၂၁ ရက်နေ့အထိ ကျင်းပမည့် (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ် အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသူကို အဆိုပါ အစည်းအဝေးများသို့ တက်ရောက်ရန် ဖိတ်ကြားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘက်သို့ အသိပေးလာပါသည်။ ၁၅-၁၀-၂၀၂၁ ရက်နေ့ အစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့မှုများသည် အာဆီယံပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိဘဲ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်မှုမရှိသောကြောင့် သက်ဆိုင်ရာမြန်မာနိုင်ငံအနေဖြင့် လိုက်နာဆောင်ရွက်ရန် ခက်ခဲပေမည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်အား ဖိတ်ကြားရန် အဖွဲ့ဝင်နိုင်ငံများအကြား တူညီဆန္ဒ မရှိခဲ့ကြသလို မဖိတ်ကြားရန်လည်း တူညီဆန္ဒမရှိသည့်ကိစ္စကို ထည့်သွင်းဖော်ပြခဲ့သောကြောင့် အာဆီယံပဋိညာဉ် အပိုဒ်-၂၀(၁) ပြဋ္ဌာန်းချက်ဖြစ်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဆွေးနွေးတိုင်ပင်ခြင်းနှင့် တူညီဆန္ဒကို အခြေခံရမည်ဆိုသည့်အချက်နှင့် မကိုက်ညီကြောင်း တွေ့ရှိရသည်။ ယင်းသို့ ဖိတ်ကြားရေးမဖိတ်ကြားရေးကိစ္စသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးတွင် ဆောင်ရွက်ရမည့်ကိစ္စမဟုတ်ပေ။ အာဆီယံပဋိညာဉ်၏ အပိုဒ်၈(၂)(က) အရ အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီကသာ ဖိတ်ကြားရေးကိစ္စအပါအဝင် အာဆီယံ ထိပ်သီးအစည်းအဝေးကိစ္စများကို ပြင်ဆင်လုပ်ကိုင်ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။
ထို့အပြင် ၄-၁၀-၂၀၂၁ ရက်နေ့တွင် ကျင်းပသည့် အကြိမ်(၃၀)မြောက် အာဆီယံ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီအစည်းအဝေးတွင် အာဆီယံထိပ်သီးအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြုမှုကိစ္စကို ဆွေးနွေးခြင်းမရှိဘဲ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အဆင့် အရေးပေါ် အစည်းအဝေးကျင်းပပြီး ယင်းကိစ္စကို ဆွေးနွေးခဲ့သောကြောင့် အာဆီယံပဋိညာဉ် လုပ်ထုံးလုပ်နည်းများနှင့် မညီကြောင်း တွေ့ရသည်။ ၁၅-၁၀-၂၀၂၁ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို အကြောင်းပြုပြီး အာဆီယံ ထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြု တက်ရောက်ရေးကိစ္စကို အဓိကထား ဆွေးနွေး ခဲ့သောကြောင့် အာဆီယံပဋိညာဉ်စာတမ်း အပိုဒ် (၂) (က)၊ (င) နှင့် (စ) ပါ ပြဋ္ဌာန်းချက်များ ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားရန်၊ ပြည်တွင်းရေးကို မစွက်ဖက်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသားရေးတည်ရှိမှုကို ပြည်ပမှ မစွက်ဖက်ရေး စသည့်မူများနှင့် ဆန့်ကျင်နေကြောင်း တွေ့ရှိရပါသည်။
အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်(၅)အရ အဖွဲ့ဝင်နိုင်ငံများအားလုံးသည် တန်းတူရည်တူရှိပြီး အပိုဒ်(၇) (၁) အရ အာဆီယံထိပ်သီး အစည်းအဝေးများကို နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့ အကြီးအကဲများဖြင့် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသောကြောင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအကြီးအကဲက အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရမည့် အခွင့်အရေးများ အပြည့်အဝ ရပိုင်ခွင့်ရှိသည်။ အကယ်၍ အချို့အာဆီယံနိုင်ငံများက ယင်းကိစ္စအပေါ် မေးခွန်းထုတ်လာပါက ဖော်ပြပါ အာဆီယံပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြန်မာနိုင်ငံအနေဖြင့် တိကျစွာဆောင်ရွက်သွားမည်ဖြစ်သည်။ အနောက်အင်အားကြီးနိုင်ငံကြီးအချို့က မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် အစဉ်အဆက် ဝင်ရောက်စွက်ဖက် ဖိအားပေးလျက်ရှိပြီး ယခုအခါ အာဆီယံအဖွဲ့ အတွင်း၌ပါ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဖိအားပေးမှုများရှိလာရာ အာဆီယံ၏ အစဉ်အလာကောင်းမွန်ခဲ့သော စည်းလုံးညီညွတ်မှုများ ထိခိုက်မှုရှိလာမည်ကို စိုးရိမ်မိသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစိတ်ဓာတ်၊ အာဆီယံနည်းလမ်းများနှင့်အညီ သဘောထားကွဲလွဲမှုများကို တိုင်ပင်ဆွေးနွေး မှုများနှင့် စေ့စပ်ဆွေးနွေးမှု နည်းလမ်းများဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သော်လည်း ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့်၊ အာဆီယံစည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်ပြားစေသည့်၊ အာဆီယံ ပဋိညာဉ်စာတမ်း ပြဋ္ဌာန်းချက်များပါ အချက်များ၊ မူများ၊ ဦးတည်ချက်များနှင့် ဆန့်ကျင်သည့် မျှတမှုမရှိသော မူဘောင်ကျော်လွန်ဆောင်ရွက်မှုများကို လက်ခံမည်မဟုတ်ပါကြောင်း။ ။