Skip to main content

မြန်မာနိုင်ငံအကျပ်အတည်းကျရောက်ရေး ဝင်ရောက်စွက်ဖက်မှုနှင့် လွှမ်းမိုးမှုများ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၌ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ မူအားဖြင့် ဘုံသဘောတူညီ ချက် (၅) ရပ် ရရှိခဲ့သည်။

အဆိုပါ ဘုံသဘောတူညီချက် (၅)ရပ်မှာ- (၁) မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်း ရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ (၂) ပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသည့် အဖြေတစ်ခုရရန် သက်ဆိုင်သူ အားလုံး အပြုသဘော ဆွေးနွေးကြရန်၊ (၃) အာဆီယံအတွင်းရေးမှူးချုပ်၏ အကူအညီဖြင့် ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ရန် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးရန်၊ (၄) အာဆီယံအသင်း၏ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနမှတစ်ဆင့် မြန်မာနိုင်ငံကို အကူအညီပေးရန်၊ (၅) သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံရန်အတွက် အာဆီယံအထူး ကိုယ်စားလှယ်နှင့်အဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ရန်ဟူ၍ ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည်ဆွေးနွေးရာတွင် အချက် (၃) ချက်ကို အလေးပေးပြောကြားခဲ့ရာ- (၁) မိမိတို့နိုင်ငံအပေါ် ပေးအပ်ခဲ့သည့် အကြံပြုချက်များကို ပြည်တွင်း၌ လတ်တလော ဖြစ်ပျက်နေသည့် အခြေအနေများနှင့် ဆက်စပ်၍ အလေးပေး ထည့်သွင်းစဉ်းစားသွားမည်။ (၂) မိမိတို့အနေဖြင့် ပြည်တွင်းတည်ငြိမ်မှု အပေါ်မူတည်ပြီး အာဆီယံ၏ အဆိုပြုချက်များ၊ ခရီးစဉ်များကို စဉ်းစားသွားပါမည်။ (၃) အာဆီယံ၏ အပြုသဘော ပါဝင်ကူညီ ပံ့ပိုးပေးလိုမှုနှင့် စပ်လျဉ်း၍လည်း အာဆီယံပဋိညာဉ်၊ အာဆီယံလမ်းစဉ်၊ အာဆီယံစိတ်ဓာတ်အပေါ် အခြေခံမည်ဆိုပါက နိုင်ငံကောင်းကျိုးအတွက် စဉ်းစားပေးမည်ဟူ၍ ဖြစ်သည်။

ဂျကာတာတွင် ကျင်းပခဲ့သည့် အဆိုပါ အာဆီယံထိပ်သီး အစည်းအဝေးအပြီး မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း၌ အကြမ်းဖက် အဖွဲ့အစည်းများ၏ ပိုမိုဆိုးရွားစွာ အရှိန်မြှင့် တိုက်ခိုက်မှုများနှင့် ကြုံတွေ့လာရသည်။ ပို၍ အကြမ်းဖက်၊ ပို၍ သတ်ဖြတ်၊ ပို၍ လုယက်ဖျက်ဆီး လာကြသည့်အတွက် အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ ထောင်နှင့်ချီ၍ သေဆုံး ဒဏ်ရာရခဲ့ကြသည်။ အချို့မိသားစုအလိုက် သက်ဖြတ်ခံရသည့်ထဲတွင် မိန်းကလေးငယ်များနှင့် လူမမယ် ကလေးများပင် အသက်ဆုံးရှုံးကြရသည်။ အပြစ်မဲ့ပြည်သူများကို သတင်းပေး၊ ဒလန်များအဖြစ် စွပ်စွဲသတ်ဖြတ်ကြရာတွင် ကျင့်ဝတ်ကင်းမဲ့သည့် မီဒီယာများကပါ အကြမ်းဖက်မှုကို အားပေးသည့် အရေးအသားပုံစံများဖြင့် ရေးသားထုတ်လွှင့် ဖော်ပြခဲ့ကြသည့်အပြင် လိမ်ညာဖုံးဖိခဲ့ကြသည်များ ကိုလည်း တွေ့ရသည်။ မြန်မာ့အရေးနှင့် စပ်လျဉ်း၍ ပြည်တွင်း၌ အကြမ်းဖက်မှုများ မြင့်တက်ခဲ့သည့် တစ်ချိန်တည်းမှာပင် အာဆီယံနိုင်ငံများနှင့် အာဆီယံအဖွဲ့အစည်းတို့အတွင်း အင်အားကြီးနိုင်ငံ၏ ဝင်ရောက်လွှမ်းမိုးခြယ်လှယ်မှုများ ကိုလည်း တွေ့မြင်ခဲ့ရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါလှိုင်း မြင့်တက်နေသည့် ကာလအတွင်း ပိုလျှံနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အာဆီယံနိုင်ငံများသို့ လှူဒါန်းရာတွင် မြန်မာနိုင်ငံကို ချန်လှပ်ခဲ့ခြင်းက မြန်မာပြည်သူတို့၏အကျိုးကို မျက်ကွယ်ပြုကာ မြန်မာနိုင်ငံ အကျပ်အတည်း ကျရောက်နေစေရန်ကိုသာ အဓိကဦးတည်နေကြောင်း ပေါ်လွင်နေစေသည်။

အာဆီယံအဖွဲ့အစည်း၏ ရည်ရွယ်ချက်များတွင် “အင်အားကြီး နိုင်ငံများ၏ ပြိုင်ဆိုင်မှု ဒေသတွင်း စိမ့်ဝင်ပျံ့နှံ့မလာစေရေး ဒေသတွင်း နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုကို ကာကွယ်ရန်” ဟူသည့် ရည်ရွယ်ချက်တစ်ခုလည်း ပါဝင်သည်။ အာဆီယံ ၁၀ နိုင်ငံတို့ တည်ရှိရာ အရှေ့တောင်အာရှဒေသသည် အင်ဒိုပစိဖိတ်ရပ်ဝန်း၏ အချက်အချာတွင် တည်ရှိနေသည့် အတွက် အင်အားကြီးနိုင်ငံတို့၏ ပါဝါအားပြိုင်မှုများနှင့် ဖိအားများ မြင့်တက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့်မူ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေးကို ရှေးရှုကာ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့်အညီ ဆက်လက်လိုက်နာသွားမည်သာ ဖြစ်ပါကြောင်း။ ။