Skip to main content

(၁၆) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဆက်လက်ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၂


(၁၆) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများဖြစ် သည့် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး ဆိုင်ရာ အစည်းအဝေးနှင့် အာဆီယံ+၃ ဝန်ကြီးအဆင့်အစည်းအဝေးများ (16th Meeting of the Conference of the Parties to the ASEAN Agreement on Transboundary Haze Pollution (COP-16), 17th ASEAN Plus Three Environment Ministers Meeting - EMM) ကို ယနေ့ နံနက် ၈ နာရီခွဲတွင် အင်ဒိုနီးရှား နိုင်ငံမှအိမ်ရှင်အဖြစ် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆက်လက်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။


ရှေးဦးစွာ အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ အင်ဒိုနီးရှား နိုင်ငံနှင့် အလှည့်ကျသဘာပတိဖြစ်သော ဖိလစ်ပိုင် နိုင်ငံတို့က အဖွင့် အမှာ စကား ဆွေးနွေးပြောကြားသည်။


ယင်းနောက် ဖိလစ်ပိုင်နိုင်ငံက အာဆီယံဒေသတွင်း ရာသီဥတုနှင့်မီးခိုးမြူငွေ့ဆိုင်ရာ သုံးသပ်မှု၊ နိုင်ငံအလိုက် ဆောင်ရွက် လျက်ရှိသော မီးဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့ဆိုင်ရာ အစီရင်ခံစာများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အကောင်အထည် ဖော်မှုအခြေအနေ များ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေး အကောင် အထည်ဖော်မှုဆိုင်ရာ အာဆီယံ ညှိနှိုင်းမှု ဗဟိုဌာန တည်ထောင်နိုင်ရေး၊ အာဆီယံနိုင်ငံများ၏ သစ်ဆွေးမြေ စီမံခန့်ခွဲမှုဆိုင်ရ  အစီရင်ခံစာ၊ အင်ဒိုနီးရှား နိုင်ငံမှ ဒေသအတွင်း နယ်စပ်ဖြတ် ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အစီရင်ခံစာ၊ မြန်မာနိုင်ငံက မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အစီရင်ခံစာတို့တို့ ရှင်းလင်း တင်ပြ ၍ အမြင်ချင်းဖလှယ် ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ထိန်းချုပ် နိုင်ရေးအတွက် သစ်တောမီး၊ စိုက်ပျိုးမြေမီးလောင်မှုများ လျော့ပါးစေရေး နိုင်ငံအတွင်း ဆောင်ရွက်မှုများ၊ ဒေသတွင်း စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် တိုးမြှင့် ဆောင်ရွက် ရန် လိုအပ်ချက်များကို ဆွေးနွေးသည်။ ထို့နောက် အစီရင်ခံစာများနှင့် ရှေ့ဆက်လက်ဆောင်ရွက် မည့် အစီအစဉ်များကို အတည်ပြုခြင်း များ ဆောင်ရွက်ကြသည်။


မွန်းလွဲပိုင်းတွင် (၁၇) ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံများ ပတ်ဝန်းကျင်ဝန်ကြီးအဆင့် အစည်း အဝေးကိုကျင်းပရာ ဂျပန်နိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့က နှုတ်ခွန်း ဆက် စကားပြောကြားပြီး အာဆီယံ-တရုတ် ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နည်းဗျူဟာ (၂၀၂၁-၂၀၂၅) အပေါ် အကောင်အထည်ဖော်နိုင်မှု၊ အစိမ်း ရောင်ဖွံ့ဖြိုးမှု နှင့် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာ ပူးတွဲကြေညာချက်၊ အာဆီယံ-ဂျပန် ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၊ အာဆီယံ-ကိုရီးယား ပတ်ဝန်းကျင်ဆိုင်ရာ အကောင်အထည်ဖော်မှုနှင့် ပတ်ဝန်း ကျင်နှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့် ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်များကို အာဆီယံ+၃ နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယား နိုင်ငံတို့မှ ဆွေးနွေးသည်။


ဆက်လက်၍ အာဆီယံ+၃ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်သစ်များ ဆက်လက် တိုးမြှင့်နိုင်ရေးအတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးများက အမြင်ချင်း ဖလှယ် ဆွေးနွေး ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အာဆီယံ+၃ နိုင်ငံများ၏ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုသည် အာဆီယံဒေသတွင်း ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ၂၀၂၅ အာဆီယံ မျှော်မှန်းချက်ရရှိစေရန် အထောက်အကူပြု ပါကြောင်းနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း ဆွေးနွေးသည်။


အစည်းအဝေးမှ(၁၇)ကြိမ်မြောက် အာဆီယံ+၃ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေး ၏ အကျဉ်းချုပ်အစီရင်ခံစာကို အတည်ပြုပြီး (၁၆) ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး အလှည့်ကျ သဘာပတိက နိဂုံးချုပ် ပြောကြားခဲ့ကြောင်း သိရသည်။


(သတင်းစဉ်)