Skip to main content

Puppet festival of Lancang – Mekong စီမံကိန်း လက်ခံကျင်းပသွားရန်ကိစ္စနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  အောက်တိုဘာ ၂၂

လန်ချန်း-မဲခေါင် ဒေသရှိ အဖွဲ့ဝင်(၆)နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနှင့် တရုတ်နိုင်ငံ များ မှ အနုပညာရှင်လူငယ်များ ပူးပေါင်း ပါဝင်ဆောင်ရွက် မည့် Puppet festival of Lancang – Mekong  စီမံကိန်းကို ဒီဇင်ဘာ (၂၅)ရက်မှ (၃၁)ရက် အထိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၌ လက်ခံကျင်းပသွားရန် ကိစ္စနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက လန်ချန်း-မဲခေါင်ဒေသတွင်း (၆) နိုင်ငံမှ ယဉ်ကျေးမှုအဖွဲ့အစည်းများနဲ့ အနုပညာရှင် လူငယ် များကြား အပြန် အလှန်ပူးပေါင်းဆောင်ရွက်မည့် လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော် (Puppet Festival of Lancang-Mekong) ကို ယခင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပရန် လျာထားခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအခြေအနေ များအရ ကျင်းပမည့်အချိန်ကို ရွှေ့ဆိုင်း လာခဲ့ရာ  ယခုနှစ် ဒီဇင်ဘာ(၂၅)ရက်မှ (၃၁)ရက်အထိ မန္တလေးမြို့၌ သာသနာရေး နှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး) က လက်ခံကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းအတွက် ကုန်ကျငွေကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံ ငွေ(၂၀၂၀)မှ ကျခံပေး ခြင်းဖြစ်ပါကြောင်း။

 

ယခုကျင်းပမည့်ပွဲတော်သည် လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများမှ ယဉ်ကျေးမှုအဖွဲ့ အစည်းများနှင့် အနုပညာရှင် လူငယ်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုဖြင့် လန်ချန်း-မဲခေါင် ယဉ်ကျေး မှု ဖလှယ်ရေးပလက်ဖောင်း ထူထောင်ရန်အတွက်  လန်ချန်း-မဲခေါင် ဒေသတွင်း အဖွဲ့ဝင် နိုင်ငံများမှ ရိုးရာယဉ်ကျေးမှုရုပ်သေး ပညာရပ်များ မပျောက် ပျက်စေရေး ဆောင်ရွက်ရန်၊ ရိုးရာယဉ်ကျေးမှု ရုပ်သေးပညာရပ်များကို ဖော်ထုတ်မြှင့် တင်ထိန်းသိမ်းရေး ဆောင်ရွက်ရန်၊ ရုပ်သေး ပညာရှင် လူငယ်များအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှု တိုးတက်ရရှိစေရန် စသော ရည်ရွယ် ချက်များဖြင့် ဒုတိယအကြိမ် ကျင်းပမည့် ပွဲတော်တစ်ခုဖြစ်ပါကြောင်း။

 

ယခုကာလသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ဆက်လက် ဆောင်ရွက် မှုများ၊ အသွားအလာကန့်သတ်မှုတားမြစ်ချက်များ ရှိနေသေးပါကြောင်း၊ ပွဲတော် ကျင်းပ မည့်ကာလ တွင် ယခုကဲ့သို့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်မှု ရှိနေဦးမည် ဆိုပါက လန်ချန်း-မဲခေါင် အဖွဲ့ဝင် နိုင်ငံများမှ အနုပညာရှင်လူငယ်များ၊ ဧည့်သည်များ မြန်မာနိုင်ငံသို့ အဆင်ပြေစွာ လာရောက် နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ သွားလာရေး ဆိုင်ရာကိစ္စရပ်များ၊ ပြည်ဝင်ခွင့် ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ရောက် ရှိချိန်၌လည်း လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက အကြံပြုဆွေးနွေးပေးကြရန် မေတ္တာရပ်ခံလိုပါ ကြောင်း ဆွေးနွေးပြောကြား သည်။

 

ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦး က  လန်ချန်း-မဲခေါင် ဒေသရှိ အဖွဲ့ဝင် (၆)နိုင်ငံမှ အနုပညာရှင်လူငယ်များ ပူးပေါင်း ပါဝင်ဆောင်ရွက်မည့် Puppet festival of Lancang – Mekong စီမံကိန်းကို လက်ခံ ကျင်းပသွားရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအစဉ်များကို အသေး စိတ် ရှင်းလင်း တင်ပြသည်။

 

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက မိမိတို့ဌာနအလိုက်  ဆောင်  ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အထွေထွေဆွေးနွေးညှိနှိုင်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော်ကို မြန်မာနိုင်ငံ၌ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းထား ရှိပြီးဖြစ်၍ ကော်မတီ အသီးသီးတွင်ပါရှိသော ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအနေဖြင့် လည်း မိမိတို့ကျရာအခန်းကဏ္ဍမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ လုံခြုံ ရေးကို အထူးဂရုစိုက်ဆောင်ရွက်ရန် လိုပါကြောင်း၊ လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများနှင့် ယဉ်ကျေးမှုအနုပညာ ပူးပေါင်းဖလှယ်ရေး ဆောင်ရွက်ရာ တွင်လည်း အကျိုးရှိစွာ လုံ့လထုတ်၍ ကြိုးစားဆောင်ရွက်ရန်လိုပါကြောင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာ ကြသော ဝန်ကြီးဌာနများအနေဖြင့်လည်း လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေး သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

(သတင်းစဉ်)