Skip to main content

ကိုဗစ်-၁၉ အလွန်ကာလတွင် ဒေသတွင်းယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ရေးနည်းလမ်းများ ညှိနှိုင်းဆွေးနွေး

ရန်ကုန် အောက်တိုဘာ ၂၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှကြီးမှူး၍ လန်ချန်းမဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့  (Lancang-Mekong Tourist Cities  Cooperation Alliance) မူ ဘောင်ပိုမိုကောင်းမွန် ပြည့်စုံစေရန်နှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် ဒေသတွင်းယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့ရေးနည်းလမ်းများ ညှိနှိုင်းဆွေးနွေးရန် လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ညီလာခံကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချုံကျင်းမြို့၌ အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပလျက်ရှိသည်။

ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်

အဆိုပါညီလာခံ၏အစိတ်အပိုင်းတစ်ခုဖြစ်သော ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လန်ချန်းမဲခေါင်မြို့တော်ဝန်များ ဖိုရမ်ကိုယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ဒေသတွင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများမှ အုပ်ချုပ်ရေးမှူးများ၊ မြို့တော်ဝန်များနှင့်အတူ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

အဆိုပါ မြို့တော်ဝန်များဖိုရမ်တွင် ရန်ကုန်မြို့တော်ဝန် က ကိုဗစ်အလွန်ကာလ ဒေသတွင်း ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးနှင့် လုံခြုံစိတ်ချရသည့်စနစ်များ ကျင့်သုံးနိုင်ရေး ဒေသ တွင်းမြို့များအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံတိုင်းတွင် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရပြီး ကမ္ဘာ့စီးပွားရေး ပညာရှင်များအနေဖြင့် ခရီးသွားလုပ်ငန်းအတွက် အနာဂတ်တွင် ဆောင်ရွက်မည့် အစီအစဉ်များကို ချမှတ်နိုင်ခြင်းမရှိသည့်အပြင် ကမ္ဘာ့ဘဏ်အနေဖြင့်လည်း အဖြစ်အပျက်များအပေါ် သုံးသပ်ရန်ခက်ခဲလျက်ရှိသည်ကို တွေ့ရကြောင်း၊ မည်သို့ပင်ဆိုစေ မိမိတို့အနေဖြင့်  ယခုပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အခက်အခဲများကို ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊  ရန်ကုန်မြို့၏ခရီးသွားလုပ်ငန်းအနေဖြင့် ရန်ကုန်မြို့သည် ရေကြောင်းမှဖြစ်စေ၊ လေကြောင်းမှဖြစ်စေ နိုင်ငံတကာ၏ ဝင်ပေါက်မြို့ဖြစ်သဖြင့် ခရီးသွား လုပ်ငန်းအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့်  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့သည် ရန်ကုန်မြို့ကြီးအား သန့်ရှင်းသော၊ စိမ်းလန်းသော၊ တရားမျှတသော၊ ခေတ်မီနည်းပညာများဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှုများ ကောင်းမွန်သော မြို့ကြီးဖြစ်အောင် တည်ဆောက်လျက်ရှိကြောင်း။

ခရီးသွားများလေ့လာရန် နေရာကောင်း

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့ပြီး ယခုအခါ စီးပွားရေး အချက်အချာနေရာဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ကျော်ကြားထင်ရှားသည့် သမိုင်းဝင် ရွှေတိဂုံစေတီတော်ကြီးသည် အမျိုးသားတစ်ရပ်လုံး ဂုဏ်ယူဖွယ်ရာဖြစ်သလို အမျိုးသားပြတိုက်၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ကိုလိုနီခေတ်အဆောက်အဦများ၊ မြို့လယ်ရှိ တရုတ်တန်း၊ နေ့စဉ်လူနေမှုဘဝတွင် အလုပ်ရှုပ်နေကြသည့်ပြည်သူများ၊ အရောင်အသွေးစုံလင်သည့်လမ်းများ၊ ဈေးများကို အံ့ဩဖွယ်တွေ့မြင်ရမည် ဖြစ်ကြောင်း၊ လွတ်လပ်ရေးကျောက်တိုင်၊ တရားရုံးချုပ်၊ မြို့တော်ခန်းမ၊ ဆူးလေစေတီတော်  နေရာတို့သည် ခရီးသွားများလေ့လာရန် နေရာကောင်းများ ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် စိမ်းလန်းမြေများစွာရှိသလို ရွှေတိဂုံစေတီတော်ကြီးသည် အဓိကမြို့ပြရှုခင်းပုံရိပ်ကြီးလည်း ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ဒေသတွင်းကမ္ဘာ့ခရီးသွားများ ဆွဲဆောင်သည့်နေရာများစွာရှိရာ ဒေသတွင်းနိုင်ငံများ၊ မြို့များအနေဖြင့် ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်